၁၁၆။ ဧကရာဇ်ကြီး၏ ဆရာတူညီလေး

3.3K 397 10
                                    

ထိုစကားများကို ဖုန်းယွိဟန်သည်ပင် အံ့သြသွားမိသည်။

ဤခေတ်သို့ရောက်နေသည်မှာ အချိန်တစ်ခုရှိပြီဖြစ်၍ သူမလည်း နန်းတွင်းပညာရှင် ယဲ့ရုန် အကြောင်းကို ကြားဖူးထားသည်။ ထိုပုဂ္ဂိုလ်သည် ပညာရေးတွင်ရော သိုင်းပညာတွင်ပါ ထူးချွန်သူဖြစ်သည်။ အရွယ်ရနေပြီဖြစ်သော်လည်း ခန္ဓာကိုယ်က လူငယ်လူရွယ်များနီးပါး လျင်မြန်ဖျတ်လတ်နေတုန်းပင်ဖြစ်သည်ဟု ဆိုကြသည်။ လက်ရှိစိုးစံနေသော ဧကရာဇ်ကြီး၏ လက်ဦးဆရာလည်းဖြစ်သလို များစွာသော ပညာသင်ကျောင်းတော်များကလည်း ယဲ့ရုန်၏ သင်ကြားမှုနည်းလမ်းများကို လေးစားလိုက်နာကြလေသည်။ သို့ဖြစ်၍ ယဲ့ရုန်ထံမှ သင်ယူခွင့်ရခြင်းသည် ဇီရွေ့အတွက် ကောင်းကင်ဘုံမှ ကောင်းချီးပေးခြင်းဟု ဆိုနိုင်ပေသည်။

ရွှမ်ထျန်းကောက တားနေသည်က်ိုပင် ယောင်ရှီသည် ဂရုမစိုက်နိုင်တော့ဘဲ ဇီရွေ့ကိုခေါ်၍ သုံးကြိမ်သုံးခါ ၀ပ်တွားချလိုက်လေသည်။ ဖုန်းယွိဟန်လည်း ရွှမ်ထျန်းကောဆီို့သွား၍ စိတ်ရင်းဖြင့် " ကျေးဇူးတင်ပါတယ် " ဟူ၍ ဆိုလိုက်မိသည်။

သခင်မကြီးနှင့် ဖုန်းကျင်းယွမ်ကလည်း ခါးညွတ်ကာ ကျေးဇူးတင်ကြောင်း ဆိုကြလေသည်။ ဇီရွေ့က တရား၀င်သားမဟုတ်ဘဲ ကိုယ်လုပ်တော်သားဖြစ်နေသော်လည်း ဖုန်းမိသားစုမှ ကလေးတစ်ယောက်က နန်းတွင်းပညာရှင် ယဲ့ရုန်၏ အတွင်းတပည့်ဖြစ်လာခြင်းက ဧကရာဇ်ကြီးသည် သူတို့ဖုန်းမိသားစုအား မျက်နှာသာပေးလိုက်ခြင်းဟု ဆိုလို့ရပေသည်။ နန်းတွင်းပညာရှင် ယဲ့ရုန်၌ အတွင်းတပည့်သည် တစ်ယောက်သာရှိခဲ့ဖူးပြီး ထိုတစ်ယောက်သည် လက်ရှိဧကရာဇ်ကြီးပင် ဖြစ်ချေသည်။ သို့ဖြစ်၍ ဖုန်းဇီရွေ့သည် ယခုအချိန်မှစကာ ဧကရာဇ်ကြီး၏ ဆရာတူညီလေးဖြစ်သွားပြီဖြစ်ပြီး သူ့အား အန္တရာယ်ပြုရဲသူ ရှိကြတော့မည် မဟုတ်ပေ ။

ဖုန်းကျင်းယွမ် ရင်ထဲ၌ မသက်မသာဖြစ်နေမိသည်။ ထိုနှစ်တုန်းက ယောင်မိသားစု၏ ပြဿနာကို ယဲ့မိသားစုသည် ၀င်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ ။ ယခုတွင်မူ ဇ်ီရွေ့ကိုအကြောင်းပြု၍ ယောင်မိသားစုနှင့် ယဲ့မိသားစုသည် ရင်းနှီးဆဲဖြစ်ကြောင်းကို တစ်လောကလုံးသိသွားစေရန် ကြေညာလိုက်ကြလေသည်။ ထိုသည်သာမကဘဲ ဧကရာဇ်ကြီးထံသို့ ယဲ့မိသားစု၏ ရပ်တည်ချက်ကိုပါ တစ်ခါတည်း ဖော်ပြလိုက်သေးပေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now