၁၈၈။ ဟုတ်တယ် ငွေညှစ်နေတာလေ

1.7K 193 2
                                    

သူမခြံ၀င်းသို့ ပြန်ရောက်သောအခါတွင် ဖုန်းယွိဟန်သည် ရွှမ်ထျန်းမင်တို့စစ်တပ်ထဲသို့သွားလို့ရမလားဟူ၍ ပန်ကျိုးနှင့်ဆွေးနွေးချင်တာ ဖြစ်သော်လည်း ပန်ကျိုးက သူမ၏အတွေးများကို အဆုံးသတ်သွားစေမည့်စကားများကို ဦးစွာပြောလာသည်။ " ဒီလိုရာသီဥတုနဲ့ဆို လှည်းတွေလည်း သွားလာလို့ရမှာမဟုတ်ပါဘူး ၊ သခင် စစ်တပ်ထဲကိုရောက်သွားရင်တောင် ရဲမက်တွေက သခင့်ကိုဘယ်သူဆိုတာကို ဒီနှင်းထုနဲ့ဆို မြင်ကြရမှာမဟုတ်ပါဘူး ၊ အတင်းအကြပ်၀င်သွားမယ်ဆိုရင် မြှားမှန်ပြီးအသက်ဆုံးရှုံးရပါလိမ့်မယ် "

ထိုသို့ကြားမှသာ သူမ၏တောင်းဆိုမှုက မည်မျှခက်ခဲသည်ကို ဖုန်းယွိဟန် သဘောပေါက်သွားသည်။ သို့သော်လည်း မကျေနပ်သေး၍ ထပ်မေးလိုက်သည်။ " တကယ် မဖြစ်နိုင်ဘူးလား ၊ နင်အရင်ခိုး၀င်သွားပြီး ရွှမ်ထျန်းမင်ကို ပြောပြလိုက်ရင်ရော မရဘူးလား "

ပန်ကျိုးက ခေါင်းခါနေဆဲပင်။ " စစ်တန်းလျားကို သခင့်ကို ခေါ်သွားပေးနိုင်မယ်ဆိုတာတောင် မသေချာတဲ့ဟာ ကျွန်တော်အရင်သွားပြောထားတော့ရော ဘာထူးမှာပါလဲ "

ဖုန်းယွိဟန် လက်လျှော့လိုက်ရုံသာ ရှိတော့သည်။

မုန်တိုင်းလိုနှင်းထန်နေတဲ့ ရာသီဥတုအတွင်းတွင် သူမ၏စိုးရိမ်စိတ်များကြောင့်နှင့်တော့ ပန်ကျိုးအား အန္တရာယ်အဖြစ်မခံစေလိုပါ ။ အဆိုးဆုံးဖြစ်လာလျှင်တောင် သူမ နောက်တစ်နေ့ကို စောင့်နေရုံသာရှိသည်။ နောက်တစ်နေ့တွင် နှင်းကျခြင်းက ရပ်မသွားလျှင်တောင် ယခုလောက်ထိတော့ အသည်းအသန်ကျနေဦးမည် မဟုတ်လောက်တော့ပါ ။

ဤသို့ဖြင့် လူတစ်စုမှာ အခန်းထဲ၌ စုထိုင်နေကြရပြီး အငြိမ်မနေနိုင်သူ ဟူးအန်းချွမ်မှာ အကြာကြီးမထိုင်နိုင်တော့ပေ ။ " အခန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်နေရမယ့်အစား ဖုန်းအိမ်တော်က တစ်ခြားသူတွေ ဘာလုပ်နေကြလဲ လျှောက်ကြည့်တာက ပိုကောင်းမယ်ထင်တယ် " ထို့နောက် ထရပ်ကာ ပြတင်းပေါက်ဘေးသို့ ပြေးသွားပြီး ဖုန်းယွိဟန်ထံ ပြန်လှည့်ပြောသည်။ " သခင်မလေး ဒီအစေခံ တစ်ချက်လောက် အပြင်ထွက်ပြီး သွားကြည့်လိုက်ပါဦးမယ် " ပြောပြီးသည်နှင့် ဖုန်းယွိဟန်၏အဖြေကိုပင် မစောင့်ဘဲ ပြတင်းပေါက်မှ ခုန်ထွက်သွားလေ၏။။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now