၁၆၇။ အရှင်မင်းကြီး တန်ဖိုးသတ်မှတ်ပေးပါ !

2.2K 283 6
                                    

ဟန်ရှီကို ကန်ရာတွင် ခြေချော်သွားခဲ့သဖြင့် သခင်မကြီးက ခါးဆစ်လွဲသွားခဲ့လေသည်။ ခါးကိုမှ ဒဏ်ဖြစ်သွားခဲ့တာဖြစ်၍ ယခုဆို အိပ်ရာထဲတွင်သာ လှဲနေရပြီး လှုပ်ပင်မလှုပ်နိုင်တော့ချေ ။

ဖုန်းကျင်းယွမ်က သခင်မကြီးအတွက် သမားတော်နှစ်ယောက်ကို ခေါ်ပေးခဲ့သော်လည်း ထိုသမားတော်နှစ်ယောက်က ခေါင်းခါကာ ဤသို့ဆိုကြသည်။ " လိုအပ်တဲ့ဆေးတွေကို ကျွန်တော်တို့ ညွှန်းပေးပြီးပါပြီ ၊ အခုလိုအပ်တာက အိပ်ရာထဲမှာ အနားယူဖို့ပါပဲ ၊ သခင်မကြီးက အသက်ရနေပြီဖြစ်လို့ အရိုးနဲ့ကြွက်သားတွေ ပြန်ကောင်းလာဖို့ဆို လူငယ်တွေထက် အချိန်ပိုကြာမှာပါ ၊ ဒါကြောင့် အလျင်လိုပြီး ပျောက်ချင်လို့မရပါဘူး "

သခင်မကြီးက အိပ်ရာထက်မှနေ မကျေမနပ် ညည်းညူနေသဖြင့် အထိန်းတော်ကျောက်ကသာ ကိုယ်စားမေးပေးသည်။ " အိပ်ရာထဲမှာ ဘယ်လောက်ကြာကြာ လှဲနေရမှာပါလဲ "

သမားတော်က ဖြေသည်။ " အနည်းဆုံး နှစ်၀က်လောက်ပါ ၊ တကယ်က တစ်နှစ် နှစ်နှစ်ထိလည်း ကြာသွားနိုင်ပါတယ် "

ထိုစကားများကိုကြားသောအခါ သခင်မကြီးက စိတ်လွတ်သွားတော့သည်။ " ထွက်သွားကြစမ်း ! အကုန်လုံး ထွက်သွားကြ ! တစ်ယောက်မှ အသုံးမကျဘူး ၊ ဒီလို ဘာမဟုတ်တဲ့ ရောဂါလေးကိုတောင် မကုနိုင်ဘဲနဲ့ ကိုယ့်ကိုယ်ကို သမားတော်လို့ ခေါ်ရဲသေးတာလား ၊ အခုချက်ချင်း ထွက်သွား ! "

သမားတော်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ဘာမှပြန်မပြောကြဘဲ ဖုန်းကျင်းယွမ်ကို ဂါ၀ရပြုပြီးနောက်တွင် ပြန်သွားကြတော့သည်။

ဖုန်းကျင်းယွမ် ကူကယ်ရာမဲ့စွာ သခင်မကြီးအား စိတ်လျှော့ရန် ပြောကြည့်လိုက်သည်။ " အမေ မလောပါနဲ့ ၊ မတော်လို့ အိပ်ရာထဲကနေ စောထွက်လိုက်လို့ ခန္ဓာကိုယ်က အရှင်းမပျောက်သေးဘူးဆိုရင် ဘယ်လိုလုပ်မလဲ ၊ အဲ့လိုဖြစ်သွားရင် မကောင်းပါဘူး !  "

" အဲ့လိုပြောနေတော့ရော ဘာထူးလို့လဲ " သခင်မကြီးက ဖုန်းကျင်းယွမ်အား မျက်ထောင့်နီကြီးဖြင့် ကြည့်နေလေသည်။ ခန္ဓာကိုယ်ကို လှုပ်မရသဖြင့် မျက်လုံးကိုစွေကာ ကြည့်နေတာဖြစ်သောကြောင့် မျက်လုံးအိမ်ထဲမှနေ မျက်လုံးများက ကျွတ်ထွက်လာတော့မလို ဖြစ်နေ၏။ ကြာကြာမကြည့်နိုင်ဘဲ အမြင်တွေ၀ါးလာသဖြင့် သခင်မကြီး စိတ်လျှော့ကာ အထိန်းတော်ကျောက်အား မေးလိုက်သည်။ " အားဟန် ပေးထားတဲ့ ဆေးပလာစတာတွေရော ရှိသေးလား "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now