၁၆၆။ အားဟန်က ကံကောင်းတာပဲ

2.3K 274 10
                                    

အထိန်းတော်က " သခင်မကြီး ! " ဟုအော်ကာ အပြေးသွားထူသော်လည်း သခင်မကြိီးသည် တွေတွေကြီးဖြစ်နေပြီး မလှုပ်မယှက်ဖြစ်နေသည်။

ဖုန်းကျင်းယွမ်လည်း လန့်သွားပြီး ဒူးတစ်ဖက်ထောက်၍ သခင်မကြီး၏ဘေးမှနေ " အမေ ! အမေ ! " ဟု တစ်ကျော်ကျော်အော်နေလေ၏။

မကောင်းတော့ဘူးဆိုသည်ကို ဖုန်းကျင်းယွမ် သဘောပေါက်လိုက်သည်။ ခါးထိသွားတာပဲဖြစ်ရပေမည် ။ " မြန်မြန် ! အမေ့ကို လှည်းပေါ်ကို ပြန်ခေါ်သွားကြစမ်း အိမ်တော်ကို ချက်ချင်းပြန်ကြမယ် ၊ အိမ်တော်ကို အခုချက်ချင်း ပြန်ကြမယ် ! "

ချွေးစေးများပြန်နေသော သခင်မကြီးအား အစေခံများက ချီမ,ကာ လှည်းပေါ်သို့တင်ပေးကြသည်။ " ဖြည်းဖြည်း ! ဖြည်းဖြည်းလုပ်ကြစမ်း ! နာတယ် ! နာတယ်လို့ ! "

သခင်မကြီးအား လှည်းပေါ်သို့တင်ပြီးနောက်တွင် ဖုန်းမိသားစု၀င်များသည် သီဆိုနေသံကိုလည်း အာရုံမထားနိုင်ကြတော့ဘဲ မြို့တော်တွင်းသို့သာ အပြေး၀င်သွားကြသည်။

သဘင်သည်နှစ်ယောက်ကလည်း ရွှမ်ထျန်းကော၏ စကားများကို တစ်သွေမသိမ်း နားထောင်ကာ ဖုန်းမိသားစု၏ လှည်းများနောက်မှ လိုက်လာကြသည်။ လှည်းများ၏နောက်မှ လမ်းလျှောက်လိုက်နေရတာဖြစ်၍ မောပန်းသော်လည်း ရွှမ်ထျန်းကောက နှစ်ဆပေးမည်ဟုဆိုထားသဖြင့် ဇွဲမလျှော့ဘဲ ဖုန်းအိမ်တော်ဂိတ်တံခါးအထိ လိုက်လာကြသည်။

ထိုနေရာသို့ရောက်မှသာ နှစ်ဦးသည် ခဏနားလိုက်ကြပြီး အိမ်တော်အ၀တွင် စျာပနသီချင်းများကို ဆက်ဆိုနေကြသည်။

ဖုန်းကျင်းယွမ်မှာ ခေါင်းနားပန်းများကြီးလာမိသော်ငြား မောင်းလည်းမထုတ်နိုင်ပေ ။ " ကျွင်းကျူ၀ူယန်းရဲ့အမိန့်အရ လုပ်နေတာ " ဟုဆိုသဖြင့် သူ ပြောချင်သည့်အရာများအားလုံးကို ပြောခွင့်ပင်မရချေ ။ သူတို့က သူ့ကို ရွှမ်ထျန်းကောနဲ့ သွားရင်ဆိုင်စေချင်နေတာလား ။ ရွှမ်မိသားစုကလူတွေက ဘယ်တုန်းက စကားကောင်းကောင်း ပြောလို့ရတဲ့သူတွေမို့လို့လဲ ။

ဘာမှလုပ်မရသဖြင့် အားလုံးကို အိမ်ထဲ၀င်ခိုင်းပြီးနောက်တွင် ဖုန်းကျင်းယွမ် အိမ်တော်တံခါးများအား ပိတ်ခိုင်းထားလိုက်သော်လည်း သီချင်းသံများကို ကြားနေရဆဲပင် ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now