Chapter (142) - ကျောက်ကပ်ကို အားဖြည့်ရမယ်

797 122 0
                                    

Chapter (142) –  ကျောက်ကပ်ကို အားဖြည့်ရမယ်



လော်ရွှင့် က  ပါပီလေး တစ်ကောင် မျိုးရိုးဗီဇ ပြောင်းသွားနိုင်သည်ဟု တွေးကာ ရုတ်တရက် ထရပ်လိုက်သည်။
 "ဒီည မီးပိတ်ပြီး စမ်းသပ်ကြည့်ရအောင်!"

လောလောဆယ် မနက်ခင်းက သိပ်မမှောင်တော့ဘူးဆိုတော့ သေချာအောင် ညအထိ စောင့်တာ အကောင်းဆုံးပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီဌက် အမြူတေကို ဘယ်အချိန်ကတည်းက ပါပီလေးက  'စားလိုက်' တာ၊ ဒါမှမဟုတ် 'ပျောက်ဆုံးသွားတာ' ကို ဘယ်သူမှ သတိမထားမိကြဘူး။ အခု သေချာသိအောင် စစ်ဆေးထားမှ နောင်မှာ    ပြဿနာ မကြီးမည့်ဖြစ်သည်။

အမှန်တော့၊ ဒီနည်းလမ်းအပြင် ပါပီလေး  မျိုးပြောင်းသွား၊ မသွားဆိုတာ   သက်သေပြနိုင်တဲ့ နည်းလမ်းတစ်ခု ရှိသေးတယ်၊ အဲဒါက ပထမအဆင့် အမြူတေကို    ပါပီလေးကို ကျွေးလိုက်ခြင်းပင်။   ထိုအမြူတေထဲက စွမ်းအားကိုစုပ်ယူနိုင်လျှင် အသွင်ပြောင်းသွားကြောင်း သက်သေပြနိုင်မည် ဖြစ်သည်။ အမြူတေကို မစုပ်ဘူးဆိုရင်  ဌက်၏အမြူတေက တစ်နေရာရာတွင် ရှိနေနိုင်သည်၊ သူတို့စုံတွဲက ရှာမတွေ့တာ ဖြစ်နိုင်သည်။

သို့သော် အမြူတေကို စားသုံးခြင်းသည် တိရစ္ဆာန်တစ်ကောင်ကို ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲစေနိုင်မလားဆိုတာ မသိနိုင်ပေ။ ဒါကြောင့် လော်ရွှင့်က ဒါကို လောင်းကြေးမထပ်ရဲပေ။

ဌက် အမြူတေပျောက်နေသဖြင့် သံသယရှိသူအား စုံစမ်းစစ်ဆေးရန် ညနေအထိစောင့်ရန် လိုအပ်သည်။ ကျန်းရီ က သိုး၏အရိုးကို 'စား' ပြီး သိုးသားရေကြီးကို ချန်ထားခဲ့လေသည်။

လော်ရွှင့် သည် ပါပီလေး  ကို ယွီရှင်းရန် နှင့်အတူ အပြင်သို့ စေလွှတ်ခဲ့သည်။ လီထယ် နဲ့ တခြားသူတွေဟာ အလုပ်အတွက် ခက်ခဲတဲ့ခရီးကို စတင်ခဲ့ကြပေမယ့် လော်ရွှင့် က သူတို့ကို မကူညီနိုင်ပေ။ လမ်းက ပိုကောင်းလာရင် ကားမောင်းသွားလို့ ရပေမယ့် အခု လောလောဆယ် အခြေနေတော့ တန်းလျားတွေကို ရောက်အောင် ခက်ခက်ခဲခဲ ကြိုးစားပြီး လမ်းအခြေအနေတွေကို စမ်းကြည့်ဖို့လိုတယ်။

"အဲဒီသိုးသားရေကို ပြုပြင်နိုင်မလားဆိုတာ ကြည့်ရအောင် !"
 အမျိုးသမီး နှစ်ယောက် မီးညှိပြီး ခေါင်းညိတ်ပြလိုက်သည်။

အိမ်မှာ အပူရှိန်က အရမ်းပူပေမယ့် လေအေးတွေ တိုက်တဲ့ အချိန်တွေလည်း ရှိတယ်။ သိုးသားရေက အရမ်း နွေးထွေးပြီး အအေးဒဏ်ကို ကာကွယ်ရန် အင်္ကျီများ၊ ဖိနပ်များ၊ လက်အိတ်များ ပြုလုပ်ရန်အတွက် သင့်တော်သည်။

စုန့်လင်းလင်း သည် ဒီလိုရာသီဥတုတွင် အလုပ်သွားလုပ်သော လီထယ် အဖွဲ့အကြောင်း တွေးနေမိသည်။
"လီထယ် နဲ့ တခြားသူတွေ နေ့တိုင်း အလုပ်သွားရမယ်၊ သူတို့အတွက် အအေးဒဏ်ကို ခံဖို့ အဝတ်အစားတွေ မြန်မြန်လုပ်ပေးရအောင်!"

ဒီလိုနဲ့   အေးခဲနေတဲ့ သိုးသားရေကို ယူလာပြီး အပူပေး၊   ရေနဲ့ ဆေးကြောပြီး ဆားနဲ့ ပိုးသတ်ပြီးမှ... အဝတ်ချုပ်ရမည် ဖြစ်သည်။

"ရာသီဥတုက အရမ်းအေးတယ်၊ အရေပြားက အရမ်းကြီးတယ်၊ ငါတို့ ဘယ်လို ချိတ်ဆွဲထားရမလဲ။" မိန်းမနှစ်ယောက်က လော်ရွှင့် ကို အကူအညီတောင်းလိုက်သည်။

လော်ရွှင့် သည် ချမ်းအေးသောနေ့တွင် သားရေပြုလုပ်ရန် ကြိုးစားရင်း ပြတင်းပေါက်မှ အပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ဒီလိုဆိုရင် အချိန်တိုအတွင်း  သိုးသားရေ အေးခဲသွားမည်ဖြစ်သည်။ သားရေချည်းဆိုရင် ဘာမှ မဖြစ်ပေမယ့် အခုတော့ သိုးမွှေးလည်းပါသောကြောင့်၊ လုံးဝအေးခဲသွားမည်မဟုတ်ပေ။

ကျန်းရီ ဝင်လာရင်း မေးလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ?"

လော်ရွှင့် ၏ မျက်လုံးများ တောက်ပလာပြီး "လာ၊ လာ၊ လာ။ အလှလေးက  အလုပ်ချိန်ကို အမှီ ရောက်လာပြီ!"

ကျန်းရီ သည် အထဲဝင်မလာပဲ  လော်ရွှင့် ၏ စကားအနည်းငယ်ကို ကြားရုံမျှဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်စဉ်  လေဓား တစ်လက်သည် လော်ရွှင့် ဆီသို့ ပြေးသွားလေသည်။ လမ်းတစ်ဝက်တွင် *ချွင်* ဆိုသည့် အသံကြားလိုက်ရပြီး လေဓါးကို သတ္တုပြားဖြင့် ပိတ်ဆို့ခံလိုက်ရသည်။

ယွီရှင်းရန် သည် မျက်နှာ အမူယာ မည်းမှောင်နေသည့် ကျန်းရီ ကိုကြည့်ရင်း နားရွက်များကို ဖုံးအုပ်ထားပြီး လေဓါးကို သတ္တုဖြင့် ပိတ်ဆို့ထားသော ယန်ဖေး ကို တလှည့်ကြည့်လိုက်သည်။

နာရီဝက်အကြာတွင် ကျန်းရီ သည် ခေါက်သိုးသားရေခြောက်စေရန် လေကို ထိန်းချုပ် နေရင်း ခါးသီးသောအမူအရာဖြင့် ရပ်နေသည်။ လော်ရွှင့် က သူ့ကို ဆံပင်အခြောက်ခံစက်ဟု ထင်နေတာ...  ဒီဦးလေး သည်းမခံနိုင်ဘူး!

ကျန်းရီ သည် သိုးသားရေခြောက်ရန် နေ့တစ်ဝက်ကျော် အလုပ်လုပ်ခဲ့ရသည်။  ဆက်လုပ်ရန် အဆင့် များစွာကျန်နေသေးသော်လည်း၊ ဆောင်းရာသီရောက်ပြီဟု ယူဆကာ လော်ရွှင့် သည်  အနည်းဆုံးအပိုင်းအနည်းငယ်ကို ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ပြီး စောင်များ လုပ်လျှင် ကောင်းမည်ဟု တွေးနေသည်။

သူတို့သည် ကြိုးများကို ဖြတ်တောက်ပြီး ကြိုးကို ကြိုးကြိုးစားစား ပေါင်းစည်းရန် ရုန်းကန်ခဲ့ကြပြီးနောက်   သူတို့၏ လက်များကို ဆေးထိုးအပ်ဖြင့် ထိုးခံလိုက်သလို ခံစားလိုက်ရသည်။ သိုး အရေပြားက အရမ်းမာလွန်းတယ် – ခွန်အားနည်းလွန်းတာကြောင့် မဖောက်ဘူးလို့ ဆိုလိုတာလား၊ ဒါမှ မဟုတ်သူတို့ အရမ်း ပွတ်မိသွားတာလား...

ညမိုးချုပ်သွားပေမယ့် လီထယ်တို့ အဖွဲ့ ပြန်မလာသေးဘူး။ ကျန်းရီ သည် ဗိုက်ဆာနေပြီ ၊ နောက်ဆုံးတွင် ဝမ်သော် ၏ ဖုန်းကို ခေါ်လိုက်သည်နှင့် သူ့အမူအရာ နက်မှောင်လာသည်။ ကံကောင်းထောက်မစွာပဲ သူတို့ရဲ့ ဖုန်းတွေကို အားသွင်းပြီး လက်ထဲမှာ ရှိနေခဲ့လို့သာပေါ့။

ဖုန်းဆက်ပြီးနောက်တွင်၊ သူတို့က လွန်ခဲ့သော မိနစ် ၄၀ ခန့်ကမှ ထွက်ခွာလာခဲ့ကြသော်လည်း နှင်းဖုံးနေသောလမ်းပေါ်တွင် ရုန်းကန်နေရကြောင်း... အိမ်သို့ရောက်ရန် လမ်းတစ်ဝက်ခန့်တွင် ရောက်နေကြောင်း ပြောကြားခဲ့သည်။

"လမ်းတစ်ဝက်ထိတောင်  မိနစ် ၄၀ ကြာ လာရတာလား?" ကျန်းရီ က ငိုက်စိုက်ချပြီး နှင်းဖုံးနေတဲ့ ရှုခင်းကို ကြည့်လိုက်သည်။ ဒီလို အချိန်ကြာတာ ... ဖြစ်နိုင်တယ်။

ကျန်းရီ ဒေါသတကြီး တံခါးဘက်သို့ လှည့်လိုက်သည်။

"မင်း...ဘယ်သွားမလို့လဲ?" လော်ရွှင့် က ပါပီလေး ရဲ့ အမွှေးကို ယွီရှင်းရန် နဲ့ ဖြီးပေးရင်း မေးလိုက်တယ်။

"အဲဒီ ငတုံးတွေကို သွားပြန်ခေါ်လာမလို့... " ကျန်းရီ က စကားပြောပြီးနောက် ထွက်သွားသည် ။

"ခဏနေဦး...သူတို့ လမ်းတစ်ဝက်ရောက်နေပြီ၊ မင်းထွက်သွားရင်လည်း ဘာမှ လုပ်မပေးနိုင်ဘူး "
 လော်ရွှင့် က ထရပ်လိုက်သည် ။ သူနဲ့ ယန်ဖေး တို့ဟာ လမ်းတွေကိုဖြတ်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သိခဲ့ကြပြီး ကျန်းရီ ဘာကြောင့် ရုတ်တရက် ဒီလိုလုပ်ရတာလဲ။

ကျန်းရီ က သူ့ကိုကြည့်တယ်။

"ငါက လေစွမ်းအားရှင်ပါ  " ဟု မထီမဲ့မြင်ပြုကာ ဆက်ပြောခဲ့သည်။ "ငါ့ အသင်းဖော်ကို သယ်ဖို့တော့ တတ်နိုင်ပါသေးတယ်  "

ဒါနဲ့ နောက်ဆုံးအကြိမ်က သူနဲ့ ယန်ဖေး တို့ အစားအသောက်တွေ ပို့ပေးဖို့ တမင်တကာ လိုက်မသွားဘူးလား။ သံသယဖြစ်စရာ မလိုပါဘူး။

ယန်ဖေး သည် ဘေးတစ်ဖက်တစ်ချက်မှ နက်မှောင်သော သိုးသားရေ အပေါ်ထပ် အင်္ကျီအချို့ကို ယူ၍ ပစ်ချပေးလိုက်သည်။

"မင်းသွားမယ်ဆိုရင်တော့ ဒီဟာတွေ ယူသွားလိုက်ဦး... မင်း အခုဝတ်ထားတဲ့အရာထက်တော့ ပိုနွေးတယ်။ "

လက်ရှိအချိန်တွင် အဖွဲ့သားတွေကို သွားခေါ်ဖို့ အသင့်တော်ဆုံးက ကျန်းရီဖြစ်ပြီး ကျန်တဲ့သူတွေ သွားရင် အေးခဲသေသွားလိမ့်မည်ဟု သူတို့ယူဆကြသည်။

နာရီဝက်လောက်ကြာတော့ ကျန်းရီ နှင့်အတူ သိုးသားရေပတ်ထားတဲ့ လူတွေနဲ့ ပြန်လာခဲ့တယ်။

လီထယ်က အခန်းထဲ မဝင်မီ တဖွဖွရွတ်နေသည်။
"ကံကောင်းလို့....ကျန်းရီ က ငါတို့ကိုတွေ့တော့ လမ်းတစ်ဝက်မှာ ငါတို့ အလုယက်ခံရလုနီးပါးပဲ!"

"လုယက်ခံရတာလား? ဘာလုယက်တာလဲ" ရွှီမိန် က အံ့သြစွာ မေးလိုက်သည်။

"ကျွန်တော်တို့ရဲ့သိုးသားရေဦးထုပ်နှင့်အင်္ကျီကို လုချင်ကြတာ!" ဟော်ချန်ခွန်း နှင့် ဝူရှင်း တို့သည် ဒေါသတကြီး လက်သီးများကို ဆုပ်ထားသည်။

လော်ရွှင့် သည် ကျန်းရီ ကို  ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။

"အဲဒီလူတွေဟာ မင်းသိုးသားရေ င်္အကျီမပို့ခင် ရောက်နှင့်နေတာလား။ ဒါမှမဟုတ် နောက်မှ ရောက်လာတာလား"

ကျန်းရီ က မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ "ပြီးမှ ရောက်လာတာ "

ဒီတော့ ဓားပြတွေက သူတို့မှာ ရှိတဲ့ သိုးသားရေကြောင့် တကယ်ဆွဲခံရတာပဲပေ့ါ။

စုန့်လင်းလင်း က "မင်းတို့ ဘာမှ မဖြစ်ဘူးမလား...အဲဒီလူတွေ ဘာဖြစ်သွားတာလဲ"

လီထယ် နှင့် အခြားလူများသည် ဒဏ်ရာမရှိကြောင်း ခေါင်းယမ်းလိုက်ကြသည်။ ကျန်းရီ သည် ဓားပြတွေကို တားခဲ့သည်။

 "သူတို့က အဝေးပြေးလမ်းထောင့်က လမ်းကနေ ကျွန်တော်တို့ကို ဝင်တိုက်တယ်။"

 "... အဝေးပြေးလမ်းထောင့်က ကျောက်တုံးလား? "

လူတိုင်းသည် မကောင်းသည့် အတိတ်ဆိုးအကြောင်း အတွေးကို ဖယ်ရှားလိုက်ပြီး လီထယ် နှင့် အခြားသူများရဲ့ အလုပ်အကြောင်း အသေးစိတ်မေးရန် ပြန်အလာကို စောင့်မျှော်နေခဲ့သည်။

ဝမ်သော် က အေးဆေးတည်ငြိမ်စွာ ညည်းညူရင်း ပြောပြခဲ့သည်။
"ဒီနေ့ ငါတို့ရောက်လာပြီး အလုပ်များနေချိန်မှာ ကူညီဖို့ နည်းပညာဝန်ထမ်းအသစ်တွေ ရှိနေတယ်၊ ဒါပေမယ့် တော်တော်များများက ငါတို့နောက်ကို အမြဲလိုက်နေတယ်။ "

ဟော်ချန်ခွန်း က ခေါင်းညိတ်လိုက်သည်။ "သူတို့ကို မေးကြည့်တော့ သူတို့မှာ အခြေခံရှိတယ်၊ ဒါပေမယ့် မကျွမ်းကျင်ဘူး။ "

"များသောအားဖြင့် ကျွန်တော်တို့လုပ်နေတဲ့အလုပ်က ရှုပ်ထွေးမှုမရှိဘူး၊ ပရော်ဖက်ရှင်နယ် ဗဟုသုတ တချို့နဲ့ ဆိုရင် လုပ်နိုင်တယ်။ ဒေတာကို ထည့်သွင်းပြီးတာနဲ့ အမှားအယွင်းမရှိလျှရင်   အလုပ်တော်တော် များများ ပြီးပြီ။ ဒါပေမယ့် အဲ့ဒီမှာ ပြဿနာရှိလာမယ်ဆိုရင်တော့ ကျွမ်းကျင်သူတွေ ရှိဖို့ လိုတယ် ..." ဟန်လိက လူတိုင်းကို ရေအေးဖြင့်လောင်းချလိုက်သည်။

အဖွဲ့သားတွေက တစ်ယောက်ကိုတစ်ယောက်  ကြည့်ပြီး သက်ပြင်းချကြတယ်။

လော်ရွှင့် နှင့် ယန်ဖေး က အကြည့်ချင်းဖလှယ်ကာ "သူတို့ အစားထိုးငှားချင်တာလား" ဟု မေးသည်။

လီထယ် က ပခုံးတွန့်လိုက်သည်။

"ကျွန်တော်တို့ အထက်လူကြီးက လူသစ်တွေကို ဌားထားတယ်။  ဒီနေ့ ဖုန်း ခေါ်လို့မှ မလာရင် အလုပ်ဖြုတ်ပစ်မယ့် သဘောရှိတယ် ..."
 အထက်လူကြီးတွေက နှင်းမုန်တိုင်းကြောင့် လမ်းပိတ်ကာ အလုပ်လာရန် အဆင်မပြေသည့် အလုပ်နှင့်ဝေးဝေးမှာ နေသူတွေကို  မကျေနပ်ပေ။ တစ်ကြိမ်လောက် ရာသီဥတု အဆင်မပြေလို့ အနားယူခွင့်ပေးပေမယ့်   အကြိမ်ကြိမ် ဖြစ်လာရင် အထက်လူကြီးတွေက သေချာပေါက် အလုပ်ဖြုတ်ပစ်လိမ့်မည်။

သူတို့ လုပ်ဖော်ကိုင်ဖက်တွေက တန်းလျားနားက နေစရာကို ရှာဖို့ ကူညီပေးနိုင်တယ်လို့တောင် ပြောလာကြတယ်။ တကယ်လို့ ဒီအဖြစ်ပျက်က  ကမ္ဘာပျက်ကပ် မတိုင်ခင်ဆိုရင် အလုပ်နဲ့ အနီးနားမှာ နေရတာကို သူတို့ ဝမ်းသာကြမှာဖြစ်ပေမယ့် အခုတော့ သူတို့က Otaku အဖွဲ့၏ သစ္စာရှိ အဖွဲ့ဝင်တွေ ဖြစ်ကြသည်။ ဒါ့အပြင် သူတို့၏ ထောက်ပံ့ရေးနှင့် ဥစ္စာပစ္စည်းများ အားလုံးကိုရင်းကာ ဒီနေရာကိုရဖို့ ဘယ်လောက်တောင် အားစိုက်ထားရတယ်ဆိုတာ သူတို့ အသိဆုံးဖြစ်လို့ ဘယ်လိုလုပ် စွန့်လွတ်နိုင်မှာလဲ။

ကျန်းရီ သည် သူ၏ အေးခဲနေသော အင်္ကျီကို အခန်းထောင့်တွင် ထားခဲ့ကာ ရယ်မောလိုက်သည်။
"နေချင်လား မနေဘူးလား? အလုပ်ကထွက်ပြီး အိမ်စောစောပြန်လာတာ အချိန်ကုန်သက်သာတာပေါ့။ "

လူငါးယောက်သည် ချီတုံချတုံနှင့်  တုန့်ဆိုင်းသည့် မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်သည်။

ကျန်းရီ သည် ရေအေးကို ဆက်၍လောင်းနေသည်။

"အခု နုတ်ထွက်ဖို့ ဆန္ဒမရှိပေမယ့် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ မင်းတို့ ရာထူးက ထုတ်ပယ်ခံ ရလိမ့်မယ်။ မင်းမှာ အရင်းအနှီးမရှိရင် မင်းကို အပြင်မှာ ထားခဲ့လိမ့်မယ်။ "

ကျန်းရီ ပြောတဲ့စကားတွေက အမှန်တွေဖြစ်ပေမယ့် နှလုံးသားထဲမှာတော့ ဒီအကြောင်းကို တွေးမိပြီး ကျောင်းသားတစ်စု အတွေးထဲ နစ်မွန်းနေခဲ့တယ်။

လီထယ် တွေးနေမိသည်။

 "... ငါတို့ ထပ်လုပ်ရမလား? သူတို့က ငါတို့ကို တကယ် အလုပ်ထဲ မထားချင်ရင် မကြာခင် ငါတို့ကို အလုပ်က ရပ်စဲ လိမ့်မယ်..."

သူတို့သည် ကမ္ဘာပျက်ကပ်မတိုင်ခင်က အလုပ်ဝင်ခဲ့သူများ မဟုတ်ပေ။    ထို့အပြင် ကျောင်းသားများသည် ရိုးသားပြီး ရာထူးမှ နုတ်ထွက်ခြင်းမှာ ကြင်နာမှုကင်းသည်ဟု ယူဆကြသည်။ အခြေစိုက်စခန်းသို့ သူတို့ စတင်ရောက်ရှိချိန်တွင်  စခန်းအုပ်ချုပ်သူတွေက သူတို့ကို ကရုမစိုက်ဘူးဆိုပေမယ့် သူတို့ဘက်က အလုပ်မှ  နှုတ်ထွက်ရန် အစပြုလိုက်ရင် သူတို့၏ နှလုံးသားထဲတွင် အပြစ်ရှိသလို ခံစားနေရသည်။

ကျန်းရီ သည် မျက်လုံးများကို မှိတ်ထားသော်လည်း သူတို့ကို ဆက်ဆွဲဆောင်ရန် ပျင်းရိလွန်းလှသည်။ ဒီလိုသာဆိုရင်   သူတို့ ဘယ်လောက်ပဲ အလုပ်ကြိုးစားလုပ် အလုပ်ခွင်ထဲမှာ သေချာပေါက် ချောက်ချခံရလိမ့်မယ်။ ကမ္ဘာပျက်ပြီးနောက်တွင်ပင်၊ သူတို့သည် အစကတည်းက ကောင်းမွန်သော အလုပ်တစ်ခုရကာ Otaku အဖွဲ့တွင် ပါဝင်ခွင့်မရခဲ့ပါက၊ နောက်ဆုံးတွင် အခြေစိုက် စခန်းမှက သူတို့ကို 'အသင်းဖော်' မှ အမြောက်စာများ  အဖြစ် သဘောထားခြင်းခံရလိမ့်မည်။

ဒါပေမယ့် သူတို့ရဲ့ စရိုက်လက္ခဏာကြောင့် သူတို့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ရှင်သန်ဖို့အတွက် အဖွဲ့လိုက် ဆက်လက်လုပ်ဆောင်ဖို့ ဆန္ဒရှိနေတာကြောင့် အိုတာ့ခု အဖွဲ့မှာ ဆက်ပါဝင်နိုင်ခြင်းဖြစ်သည်။

"ဟုတ်တယ်၊ ငါတို့မနက်ဖြန်အလုပ်သွားမယ်။"

ဟော်ချန်ခွန်း သည် စိတ်ပိုင်းဖြတ်ပြီးဟန်ဖြင့် ပြောလိုက်သည်။
  "လုပ်ငန်းခွင်မှာ အရင်းအမြစ် ဘယ်လောက်ရှိလဲဆိုတာ ငါတို့ အသိဆုံးပဲ။ အနှေးနဲ့အမြန် ထွက်ရမယ်ဆိုရင်တောင် ပစ္စည်းတွေပြန်ယူဖို့လိုတယ်!  ကျွန်တော်တို ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းတွဲ အစီစဉ် ကော်ပီတွေ ပိုရအောင် ယူရမယ် "

"မှန်တယ်! Crosstalk ရှိုးတွေ အကုန်ဒေါင်း ရမယ် "

"မှန်တယ်! အဲ့ဒါတွေကိုရဖို့ မနက်ဖြန် ငါတို့ ပြန်သွားမယ်!"

တစ်ဖန် အဖွဲ့သားများ စိတ်လှုပ်ရှားလာကာ ကမ္ဘာပျက်ခါနီးမှ ရုပ်ရှင်များနှင့် ရှိုးများအပြင် အမျိုးမျိုးသော ရှိုးပွဲများပါ ဒေါင်းလုဒ်လုပ်ဖို့ ပြောလာကြသည်... အတိုချုပ်အားဖြင့် အသုံးဝင်သော အချက်အလက်များကို ရယူနိုင်လေလေ  အကျိုးအမြတ်များလေလေဖြစ်သည်။

ကျန်းရီ က မျက်လုံးပြူးပြီး ထွက်သွားသည်။  "အဲဒါက အသက်ပဲ။ "

လီထယ် နဲ့ တခြားသူတွေ အိမ်ပြန်ပြီး အဝတ်အစားလဲပြီး နွေးနွေးထွေးထွေး နေလိုက်သည်။   လော်ရွှင့်တို့ ဇနီးမောင်နှံနှစ်ဦးသည် သူတို့၏ ခွေးနှင့်အတူ အိမ်သို့ ပြန်လာခဲ့ကြသည်။ တံခါးပိတ်ပြီးနောက် လော်ရွှင့် သည် အရေးကြီးသည့်အရာတစ်ခုကို သတိရပြီး မီးလုံးဆီသို့ အမြန်ပြေးသွားခဲ့သည်။

 "မေ့တော့မလို့..ခွေးမျက်လုံး၊ ခွေးမျက်လုံး!"

ယန်ဖေးက လော်ရွှင့်ကို ကောင်းကောင်းနားလည်ပေးနိုင်သည်။     ဒါကို သာမန်လူက နားမလည်နိုင်လောက်ဘူး ။

လူနှစ်ယောက် မီးပိတ်လိုက်ပြီး ကန့်လန့်ကာတွေကို ဆွဲထုတ်လိုက်ပြီး တစ်ခန်းလုံး မှောင်နေသည်။ သူတို့နှစ်ယောက်က ခွေးရဲ့မျက်လုံးတွေကို ဂရုတစိုက်ကြည့်တယ်- အရင်က ဘယ်လို တောက်ပလာတာလဲ။

ငုံးလှောင်အိမ်တွင် မီးရောင်ရှိသောကြောင့် မျက်လုံး၏သဏ္ဌန်ကို အလွယ်တကူမြင်နိုင်သည်။ သူတို့ အမှောင်ထုထဲ ပစ်ထားသလား။

နှစ်ယောက်သား ခွေးနှင့်အတူ အပေါ်ထပ်သို့ တက်ခဲ့ကြသည်။

အိပ်ခန်းက လုံးဝမှောင်နေပြီး ခွေးရဲ့မျက်လုံးတွေက မျှော်လင့်ထားသလောက် မတောက်ပတာကို တွေ့လိုက်ရသည်။  

အမှောင်ထဲတွင် လူနှစ်ယောက် အကြည့်ချင်းဖလှယ်ကြသည်။ လော်ရွှင့် က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ?"

"တခြားတစ်ခုခုကြောင့်ဖြစ်နိုင်လား"

"ဖြစ်နိုင်မလား..." လော်ရွှင့် လန့်သွားသည်။ "ငါတို့ သူ့ကို အမှောင်ထဲမှာ ခဏထားထားရင် ပြန်မြင်ရနိုင်မလား"

လူနှစ်ယောက်က ခွေးကို သော့ခတ်ထားစဉ် ပါပီလေး  သည် တံခါးနောက်တွင် မိုက်မဲစွာ ရပ်ကာ စိုက်ကြည့်နေသည်။ လူနှစ်ယောက် တံခါးဖွင့်လိုက်သည်နှင့် ခွေးအမြီးက ပျော်ရွှင်စွာ ခါယမ်းနေသည်ကို တွေ့လိုက်ကြပြီး နှစ်ယောက်သား ဂိမ်းဆော့နေကြသည်ဟု သူမ ထင်နေသည်...

"သူမမှာ ထက်မြက်တဲ့ နားရွက်ရှိတယ်၊ တံခါးအပြင်ဘက်မှာ ရပ်နေရုံနဲ့ ဘာမှ အသုံးမဝင်ဘူး။ "
ယန်ဖေး က လော်ရွှင့် ရဲ့ ပုခုံးကို ပုတ်လိုက်တာကြောင့် တံခါးပိတ်ပြီး အောက်ထပ်ကိုဆင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ 15 ထပ်ရှိ စင်္ကြံတွင် 10 မိနစ်ကြာ စောင့်ခဲ့ကြသည် - ရွှီမိန် က သူတို့ကို တွေ့ပြီး ခဏကြာ စကားစမြည်ပြောကြသည်။ ထို့နောက် အခန်းထဲသို့ ပြန်သွားကြသည်။

လော်ရွှင့် အသက်ပြင်းပြင်းရှူပြီး တံခါးလက်ကိုင်ကို လှည့်လိုက်သည်။ ကုတင်ပေါ်ကနေ ရွှေရောင်မျက်လုံး တစ်စုံ ခုန်ဆင်းနေတာကို သူမြင်လိုက်ရတယ်။ သူမသည် လော်ရွှင့် ၏လက်နှစ်ဖက်ထဲ တစ်ခါတည်း ပြေးဝင်လာသည်။

"တွေ့လား?! ခင်ဗျား မြင်လား?! သူ့မျက်လုံးတွေ အမှောင်ထဲမှာ တစ်လက်လက် တောက်နေတယ်"

မသေချာတာ မဖြစ်စေဖို့    သူတို့ ပထမထပ်မီးများပင် ပိတ်ထားခဲ့သည်။ ပါပီလေး  ၏ မျက်လုံးများ တောက်ပနေသည် ကို နှစ်ယောက်သား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည် ။

ခဏနေဦး... တစ်ခုခု မှားနေပြီလား?
 "အာ! ကုတင်ပေါ်တက်သွားတယ်!"

"မင်းမှာ ဘာအရည်အချင်းရှိလဲ။ တောက်ပတဲ့ မျက်လုံးပဲရှိတာလား?"

 လော်ရွှင့် သည် သူ့အား နို့စို့အရွယ် ကလေးဘဝမှ မွေးလာသည့် ခွေးလေးကို ကူကယ်ရာမဲ့ မေးလိုက်မိသည်။

ခွေးမျက်လုံးတွေ တောက်ပနေတာကြောင့် အိပ်ခန်းထဲမှာ စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်စုံတစ်ခု ကွဲပြားကြောင်း သက်သေပြခဲ့ကြသော်လည်း အမှောင်ထဲတွင် တောက်ပနေသော မျက်လုံးများမှလွဲ၍ အခြားမည်သည့်အရာမျှ ထူးခြားတာ မတွေ့ခဲ့ရပေ။

ရိုးရှင်းစွာပင် 'ညကို ပြတ်သားစွာ မြင်နိုင်တဲ့ စွမ်းရည်ပဲလား'။ အဲဒီစွမ်းရည်က ဘာလဲ။ ပြောရရင် သူမက တကယ် ပြောင်းလဲသွားတာလား။

လူနှစ်ယောက်နှင့် ခွေးသည် တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ပြောဖို့ နည်းလမ်းမရှိပေ။     ခွေးမှာ   စွမ်းရည်ရှိတယ်ဆိုပေမယ့် ဘာစွမ်းရည်ဆိုတာ အခုအချိန်မှာ အဖြေရဖို့ မဖြစ်နိုင်ပေ။

မတူညီသောမျိုးစိတ်မှာ ဗီဇပြောင်းတာ အမျိုးမျိုးကို ဖြစ်သောကြောင့် နောက်တစ်ကြိမ် အပြင်သွားသည့်အခါ သူတို့နှင့်အတူ ပါပီလေး  ကို ခေါ်ဆောင်သွားနိုင်မလား...

ခဏလောက်စဉ်းစားပြီး သူတို့အဖွဲ့ ပထမထပ်ကိုပြန်သွားတော့ လော်ရွှင့် က ခွေးရှေ့မှာ အဆင့်တစ်ရှိတဲ့ အမြူတေ တစ်ခုကို ပြလိုက်သည်။ ခွေးကလေး မျိုချလိုက်ရင် ... သူမဟာ ဖုတ်ကောင်ဖြစ်သွားမှာလား။

ပါပီလေး  သည် လော်ရွှင့် ၏လက်ကို အနံ့ခံကြည့်ပြီး သူမ၏ လှောင်အိမ်သို့ ပြန်ပြေးသွားကာ အိပ်ယာဝင်သွားတော့သည်။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်ကြည့်နေကြသည်။ ယန်ဖေး က ထိုအဖြစ်ပျက်ကို သဘောကျသွားသည်။
 "ဘာပဲဖြစ်ဖြစ် ခဏလောက်စောင့်ရအောင် ။ လောလောဆယ် ငါတို့က စခန်းကနေ ထွက်စရာမလိုဘူး။ အိမ်မှာနေရင်း တစ်ခုခု   သတိပြုမိမှာပါ။ "

သို့သော် ပါပီလေး  သည် ပုံသဏ္ဍာန်မပြောင်းလဲပဲ စွမ်းရည်ရှိလာတယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။

ရက်တွေကြာလာတော့ သူတို့ရဲ့ခွေးက စွမ်းရည်ပိုင်ဆိုင်တဲ့ လက္ခဏာမပြဘူး။ လီထယ် နှင့် အခြားသူ များသည် ဒေတာ မျိုးစုံကို ရွှေ့ရန် နေ့စဉ် ခက်ခက်ခဲခဲ တန်းလျားများသို့ သွားကြသည်။ ဓားပြတိုက်ခံ ရနိုင်ချေကို ရှောင်ရှားဖို့ အခု သူတို့သည် လက်နက်များ ကိုင်ဆောင်ထားကြသည်။ သူတို့ဆီက ပညာခိုးယူရန် သူတို့၏ ဌာနသို့ လိုက်လာသော လူသစ်များ ပိုများလာသော်လည်း hard disk များကို ပြန်ယူရန် အခွင့်အရေး ရခဲ့သည်။ ရဲရင့်သောလူငယ် ငါးဦးက စခန်းအပေါ် နာကြည်းမှုရှိနေလို့ ဒေတာ မခိုးမှ အံ့သြစရာဖြစ်နေလိမ့်မည်။

ဒီဇင်ဘာလနှောင်းပိုင်းတွင် နှင်းထူထပ်စွာကျလာပြီး နောက်ဆုံးနှင်းများ လုံးဝ ရှင်းလင်းသွားခြင်းမရှိပေ။ မြောက်လေက မနေ့ညကနဲ့ အတူတူပဲ၊ နှစ်ရက်လောက် ဆက်တိုက် တိုက်နေတယ်။ ပြတင်းပေါက်များမှ လေချွန်သံများ ထွက်ပေါ်လာပြီး အဆောက်အအုံများ လွင့်ပါးသွားမလားတောင် ထင်ရသည်။

ကံကောင်းထောက်မစွာပင် အနောက်တောင် အခြေစိုက်စခန်းရှိ အထပ်မြင့် အဆောက်အအုံများသည် လွန်ခဲ့သော နှစ်အနည်းငယ်က ဆောက်လုပ်ခဲ့ပြီး အတော်လေး ခိုင်မာခဲ့သည်။ ဒီလိုမှမဟုတ်ရင် ပြင်းထန်တဲ့လေပြင်းကြောင့် အဆောက်အဦးတစ်ခု ပြိုကျမှာ သေချာတယ်။

နှင်းတွေကျလာတာနဲ့အတူ အေးစက်တဲ့လေက လမ်းတွေကို အဖြူရောင်အလွှာတွေနဲ့ ဖုံးလွှမ်းသွားတယ်။ အခြေစိုက်စခန်းသည် နှင်းမုန်တိုင်းဒဏ်ခံရပြန်သည်။ အိမ်တွေပြိုမပြို တခါထပ်ပြီး စုံစမ်းနေတယ်၊ ဒီတခေါက် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပေ...

လော်ရွှင့် သည် ဆောင်းဦးတွင် အခြောက်ခံထားသည့် ဆောင်းရာသီအတွက် သင့်လျော်သော   လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်ရင်း ကုလားထိုင်ပေါ်တွင် ထိုင်ကာ ကျဆင်းလာသော နှင်းပွင့်များကို ကြည့်နေသည်။

ခွေးကလေးသည်   သူ့ခြေရင်းတွင် အိပ်နေသော်လည်း သူမ၏နှာခေါင်းသည် ရံဖန်ရံခါ လှုပ်ယမ်းနေသည်။ ယန်ဖေး သည် ပြတင်းပေါက်ကို ကြည့်ရင်း သူ့ဘေးနားတွင် အေးအေးဆေးဆေး ထိုင်နေသည်။

"ဆောင်းရာသီမှာ နှင်းတွေနဲ့ နွေရာသီမှာ မိုးရွာတာကို ကြည့်ရှုဖို့ အလုံပိတ် လှေကားထစ်တစ်ခု ရှိတာက ကောင်းတယ်။ "

 လော်ရွှင့် က သူ့ခြေကျင်းဝတ်တွေကို လှုပ်လိုက်တယ်။ သူ၏အရင် ဘဝတွင် ဤကဲ့သို့သော အားလပ်မှု ဘယ်ရှိနိုင်မလဲ။ ဆောင်းတွင်းမှာ ပူနွေးတဲ့ မီးလေး ဖိုနိုင်ရင်တောင် ကံကောင်းလှပြီ။

သူတို့နှစ်ဦးသည် မီးသွေးဖြင့် အသားကင်ထားသော အသားကင်တစ်ခုရှေ့တွင် ရှိနေကြပြီး အကင်အိုးက  သတ္တုကွက်များဖြင့် ကြီးမားသော အိုးပုံစံဖြစ်သည်။ ဌက်သား ၊ သိုးသား၊ ခရမ်းသီး၊ ပဲသီး၊ ကြက်သွန်မြိတ်နှင့် အခြားအရာများကို ချက်ပြုတ်ထားသည်။ လင်မယားနှစ်ယောက်ဟာ လေတိုက်သည်ကို အခွင့်ကောင်းယူကာ အသားကင်စားနေကြတယ်။

လှေကားထစ်ပေါ်တွင် အသားကင်စားခြင်းသည်  ကမ္ဘာပျက်ကပ် မတိုင်မီကပင် လော်ရွှင့် လုပ်ချင်သည့် အရာဖြစ်သည်။ ကံမကောင်းစွာပဲ အပြင်မှာ အသားနံ့တွေ ရောက်သွားမှန်း သိတဲ့အတွက် Otaku အဖွဲ့ဟာ ဟင်းချက်တဲ့အခါ သတိထားနေရသည်။  များသောအားဖြင့် အသားဟင်းများများ မချက်တတ်သလို အနံ့မပြင်းတဲ့ ချက်ပြုတ်နည်းတွေကို စမ်းလုပ်လေ့ ရှိတယ်။

သူတို့လင်မယားနှစ်ယောက် ဒီလိုမုန်တိုင်းကြီးအတွက် ရက်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ကြရပြီး အခုဆိုရင် အသားတွေကို လွတ်လွတ်လပ်လပ်စားလို့ အဆင်ပြေနေသည်။

ယန်ဖေး သည် ကင်ထားသော စားစရာကို ပန်းကန်တစ်ခုပေါ်သို့ ရွှေ့လိုက်ပြီး သူ့ချစ်သူကို ဟင်းခတ်အမွှေးအကြိုင်များနှင့် ငံပြာရည်များထည့်ရန် ကူညီပေးခဲ့သည်။ အများအားဖြင့် လော်ရွှင့် က ထမင်းချက်ပေမယ့် ဒီနေ့ သူ ကူညီနိုင်ခဲ့တယ်၊ သူ့ချစ်သူက ဘာလို့ အလုပ်တွေ အကုန်လုပ်ရမှာလဲ။

"ကောင်းပြီ၊ မှိုတွေ ကျက်ဖို့ ခဏစောင့်ရလိမ့်မယ်။ "
 ယန်ဖေး သည် အခြားပါဝင်ပစ္စည်းများကို ကြည့်ရင်း ခရမ်းသီးနှင့် ကြက်သွန်မြိတ်ပန်းကန်ပြားကို ဖြတ်သွားသည် ။

"အတူတူစားရအောင်။ "
လော်ရွှင့် က ကြက်သွန်မြိတ်ကို ကိုင်လိုက်သည် ၊ ဒါက ကျောက်ကပ် ကောင်းသည့် ဆေးတစ်မျိုး ဖြစ်သည်။

*အဟမ်း.... * နေ့ဘက်တွင် ပင်ပန်းနွမ်းနယ်အောင် အလုပ်လုပ်ပြီး ညဘက် အိပ်ယာထဲမှာလည်း အစွမ်းပြည့်ဖို့    ဖြည့်စွက်ရန် လိုအပ်နေတယ် မလား.....။

**-**

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now