Chapter 125 - မျိုးပြောင်းဆန် နဲ့ မူလဆန်
လော်ရွှင့် သည် သတ္တုအဖွဲ့သားများ ထမင်းစားရန် စိတ်အားထက်သန်စွာ စောင့်မျှော်နေသည်ကို ကြည့်နေခဲ့သည်။ ပထမဆုံး ထမင်းလုပ်ကို ချီတုံချတုံနဲ့ ပါးစပ်ထဲကို ထိုးထည့်လိုက်ပြီးတာနဲ့ အဖွဲ့တစ်ဖွဲ့လုံး အေးခဲသွားကြသည်။
လော်ရွှင့် သည် ရယ်ချင်စိတ်ကို ထိန်းကာ ခေါင်းငုံ့ထားပြီး မော့မကြည့်တော့ပေ။ ယန်ဖေး သည်လည်း တစ်လုပ်လောက်စားလိုက်ပြီးနောက် သူလည်း အေးခဲသွားသည်။
*ဖွီ....ဖွီ..*
"ဒါက ဘာကြီးလဲ?!"
"ဒီဆန်အသစ်က ဒီလို အရသာကြီးလား? "
"ထမင်းနဲ့ နည်းနည်းတူပေမယ့် အရသာက ဆိုးလိုက်တာ..."
"ထမင်းစားမယ့်အစား ပေါင်မုန့်စားရင် ပိုကောင်းတယ်၊ ပြောင်းဖူးမှုန့်ခေါက်ဆွဲက ဒီထက်တောင် ပိုကောင်းသေးတယ်!"
လော်ရွှင့် က ခေါင်းငုံ့ကာ ပြုံးလိုက်သည်။ သူ့ရဲ့ အရင်ဘဝတုန်းက ဒီလို မျိုးရိုးဗီဇပြောင်းသွားသည့် ထမင်းကိုသာ စားခဲ့ရသည်။ လူတွေက ဆင်းရဲခြင်း၊ ချမ်းသာခြင်းနဲ့ လိုက်လျောညီထွေ နေတတ် စားတတ်သည် ဆိုပေမယ့် ဒီဘဝမှာ အရသာကောင်းသည့် ထမင်းကို တနှစ်လောက် စားခဲ့ပြီးနောက် ဒီလို ဗီဇပြောင်း ဆန်နဲ့ချက်တဲ့ ထမင်းရဲ့ အရသာက မြိုချရခက်နေလေပြီ။
"လူတိုင်းကို အစားအစာအသစ်ကို အရင်စားခိုင်းတာ အံ့သြစရာမဟုတ်ပါဘူး၊ ဒီအရသာက ဘယ်လိုကြီးလဲ!" ကပ္ပတိန် ကောင်း က ထမင်းပန်းကန်ကို ပစ်ချလိုက်သည်။
တခြားသူတွေကဖြူဖွေးသည့် ထမင်းကို တိတ်တဆိတ် စိုက်ကြည့်ရင်း အနံ့ကို တွေးကြည့်နေမိသည်။ သူတို့က ဇီဇာကြောင်သူတွေ မဟုတ်ဘူး... ဒါပေမယ့် ဗီဇပြောင်း ဆန်နဲ့ အသီးရွက်တွေကို စားရတာက သေလောက်အောင် စိတ်ညစ်ဖို့ကောင်းတယ်။
"လွှစာ စားနေရသလိုပဲ" ဒု-ဗိုလ်ကြီးက မှတ်ချက်မပေးမီ ထမင်းတစ်လုတ်ကို အနည်း မျိုချလိုက်ရသည်။
စစ်သားတော်တော်များများက "အရသာ ဆိုးပေမယ့်... ငါတို့စားဖို့ စားစရာ ရှိရင်ပဲ လုံလောက်ပြီ... "
ဟုတ်တယ်၊ ကမ္ဘာပျက်ကပ်ခေတ်မှာ စပါးက အဖိုးတန်တယ်လေ။
မြိုချရခက်ခဲတဲ့ ကောက်နှံသစ်သည် လူတိုင်းအတွက် အစားအစာအသစ်ဖြစ်တယ်ဆိုတာ အားလုံး သိပေမယ့် ဒီဆန်သစ်တွေကတောင် အားလုံး စားဖို့လုံလောက်အောင် မထုတ်လုပ်နိုင်သေးဘူး။ ဒီလို အစားစာကို အထက်လူကြီးတွေက မစားချင်ကြဘူး ဆိုရင်လည်း သူတို့ ဘာတတ်နိုင်မှာလဲ။ အစာမရှိပဲ အသက်ရှင်လို့မှမရနိုင်ပဲ။ အရသာမရှိပေမယ့်လည်း အနည်းဆုံးတော့ စွမ်းအင်ကို ဖြည့်စွမ်းပေးနိုင် သေးသည်။
စားပွဲရှိ လူတိုင်းက ခေါင်းငုံ့ပြီး နေ့လယ်စာကို တိတ်တဆိတ် စားသောက်လိုက်ကြပေမယ့် ခါတိုင်းလို စကားစမြည် ပြောဆိုခြင်း မရှိကြတော့ပေ။ လော်ရွှင့် နှင့် ယန်ဖေး ပင်လျှင် တတ်နိုင်သမျှ ဝင်အောင်စားဖို့သာ ကြိုးစားနေရသည်။
အရင်ကတော့ အစားစားချိန်ဆိုတာ လုပ်ငန်းခွင်အတွင်းမှာ အပန်းဖြေအနားယူဖို့ နည်းလမ်းတစ်ခု ဖြစ်ပေမယ့် အခုတော့ ခက်ခဲတဲ့အလုပ်တစ်ခုပြီးမြောက်အောင် လုပ်ရမည့်အချိန်ဖြစ်နေပြီ။
နေ့လည်စာကို တိတ်တဆိတ်စားပြီး အားလုံး အလုပ်စလုပ်ကာ ညနေသုံးနာရီမှာ တိတ်တိတ်ဆိတ်ဆိတ် ဖြင့် အလုပ်မှ ဆင်းပြီး အိမ်ကို တန်းပြန်ကာ ရေချိုးခန်းထဲ ဝင်သွားကြသည်။
"ရှင်တို့နှစ်ယောက် ... ဘာဖြစ်နေတာလဲ"
ရွှီမိန် နှင့် စုန့်လင်းလင်း တို့သည် လော်ရွှင့် နှင့် ယန်ဖေး တို့ နှစ်ယောက်လုံးမှိုင်တွေကာ ထမင်းကို ကြည့်နေသည်ကို တွေ့တော့ တစ်ခုခုလွဲနေပြီဟု ခံစားလိုက်ရသည်။
လော်ရွှင့် က သူ့ခေါင်းကို လှည့်လိုက်ပြီး ရှုံ့မဲ့စွာ ဖြေလိုက်သည်။
"အခြေစိုက်စခန်းက ဆန်သစ် ရိတ်သိမ်းပြီးသွားပြီ"
"အိုး၊ ဒါ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား" ရွှီမိန် အံ့သြသွားသည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ စိတ်ဓါတ်ကျသည့် အမူအရာဖြင့် ဖြေခဲ့သည်။
"ဆန်သစ်ရဲ့ အရသာက... တော်တော်ဆိုးတယ်"
မိန်းကလေးနှစ်ဦးရဲ့ အမူယာတွေ အေးခဲသွားသည်။ "အရသာမကောင်းဘူးလား။"
"ဟုတ်တယ် မျိုးပြောင်း ဆန်အသစ်ရဲ့အရသာက စက်ဆုပ်စရာပဲ" လော်ရွှင့် ခေါင်းညိတ်လိုက်သည်။
"ကိုယ်တို့ အိမ်မှာ စိုက်တဲ့ ဆန်က ပုံမှန်ပဲဆိုတာ သေချာလား"
ယန်ဖေးသည် စပါးပင်များကို တစ်ခါမျှ မမြင်ဖူးပေ -အရင်က တီဗီထဲတွင်သာ မြင်ဖူးခဲ့သည်။
ရံဖန်ရံခါ လယ်ကွင်းကိုဖြတ်၍ခရီးသွားစဉ် လယ်ကွင်းများထဲက စပါးပင်တွေကို မြင်ဖူးရုံသာရှိသည်။ ဒါကြောင့် ပုံမှန်ဆန်နဲ့ မျိုးပြောင်းဆန်ကို ခွဲမပြောနိုင်ပေ။ ချက်ပြီးတာနဲ့ ထမင်းတွေရဲ့ ပုံပန်းသဏ္ဍာန်က အတူတူတော့ မဟုတ်လောက်ဘူး မလား..
လော်ရွှင့် က ခေါင်းငြိမ့်ကာ ဖြေလိုက်သည်။
"အိမ်က စိုက်တဲ့ စပါးက ပုံမှန် ဆန်ပါပဲ!"
သူ့မှာ ပုံမှန်ဆန်နည်းနည်းရှိပေမယ့် အမျိုးအစာကွဲပြားမှုကို သိပါသေးတယ်။ သူက ပုံမှန်ဆန်တွေကြား အရသာဆိုးသည့် ဗီဇပြောင်းဆန်တွေပါလာမည်ကို စိုးရိမ်ကာ ဂရုတစိုက် စိုက်ပျိုးခဲ့သည်။
ယန်ဖေးတောင်မှ မျိုးပြောင်းထမင်းအရသာကို ခံနိုင်ရည်မရှိတဲ့အတွက် မိန်းမနှစ်ယောက်က ပိုလို့တောင် စူးစမ်းချင်လာခဲ့သည်။ သိချင်စိတ်ကြောင့် ကြောင်ကို သေစေတယ် ဆိုတဲ့ စကားပုံအတိုင်းပင်...
လော်ရွှင့် က သူတို့နှစ်ယောက်ကို အောက်ထပ်ဆင်းပြီး အရသာစမ်းကြည့်ဖို့အတွက် ထမင်း အသစ်ဝယ်ဖို့ အကြံပေးလိုက်သည်။
မိန်းမနှစ်ယောက်က ဆန်အသစ်ဝယ်ဖို့ အပြင်ထွက်စဉ် လော်ရွှင့်တို့က ရှောင်ရန်ကို ကြည့်ပေးထားသည်။
အမြန်လမ်းလျှောက်ပြီးနောက် အမျိုးသမီးနှစ်ဦးသည် ပန်းကန်နှစ်လုံးစာလောက် ဆန်သစ်ကို လဲလှယ်ရေးကောင်တာတွင် ဝယ်ယူခဲ့သည်။
ထိုညတွင် လီထယ် နှင့် ကျန်းရီ တို့ အားလုံးဆုံသည့်အချိန် အစားသောက်နှင့်ပတ်သတ်ပြီး တညီတညွတ်တည်း ပြောလာကြသည် -
မျိုးပြောင်း ဆန်နဲ့ အသီးရွက်တွေက စားမဖြစ်လောက်အောင် အရသာဆိုးဝါးလှပြီး ဒါကိုသာ စားရမယ်ဆိုရင် သူတို့ ဘယ်လိုမှ အသက်ရှင်နိုင်မည် မဟုတ်ဟု ပြောလာသည်။
"ဘုရားရေ! ထမင်းက ဒီလိုအရသာမျိုး ဘယ်လိုဖြစ်ရတာလဲ"
လီထယ် ၏ မျက်နှာသည် ခါးသီးပြီး သူ့ရင်ထဲက နာကျင်မှုနှင့် မကျေနပ်မှုများကို ပြသနေသည်။
"မျိုးပြောင်းအပင်ရဲ့ အရသာက ဘယ်လောက်ဆိုးရွားပါစေ... ခံနိုင်ရည်ရှိလောက်မယ် ထင်ထားခဲ့တာ။ ဒါပေမယ့် ဒါတွေကို စားတဲ့အချိန် ကျွန်တော့် လည်ချောင်းထဲ လွှတလက်ကို မြိုချလိုက်ရသလို ရှသွားတာပဲ။ ကျွန်တော် နေ့လည်စာစားပြီးကတည်းက ရေတွေချည်းထိုင်သောက်နေရတယ် !"
ဟော်ချန်ခွန်း သည် အစားအစာနှင့် ပတ်သက်၍ အကျယ်ကြီး ညည်းညူခဲ့ဖူးပြီး ကမ္ဘာပျက်ကပ် မဆိုက်မီက အစားအကျူးဆုံးဖြစ်သည်။
ကျန်းရီ က မျက်မှောင်ကြုတ်ပြီး အစားအသောက်ကို စိုက်ကြည့်နေသည်။ ထိုပန်းကန်ထဲမှာ ရွှီမိန် ဝယ်လာသည့် မျိုးပြောင်းဆန်ဖြင့် ချက်ထားသည့် ထမင်းပါနေသည်။
"အိမ်မှာ ဟင်းချက်နည်း ကျွမ်းကျင်ရင် ပိုကောင်းမယ်ထင်တယ်။"
ဘုရင်မကြီး ကျန်းရီက သူ့ဘေးက လင်တော်မောင် ဝမ်သော် ကို လှမ်းကြည့်လိုက်သည်။
ဝမ်သော် က ချက်ချင်း ပြောလာခဲ့သည်။
"ငါ မင်းအမိန့် အတိုင်း လုပ်လိုက်ပါ့မယ်!"
ဟန်လိနှင့် ဝူရှင်း တို့ကလည်း ပြောလာသည်။
"ငါတို့အိမ်မှာ ဟင်းချက်စားသင့်လား?"
"ဟုတ်တယ်၊ ဒါပေမယ့် ငါက ခရမ်းချဉ်သီးနဲ့ ကြက်ဥမွှေကြော်ပဲ လုပ်တတ်တယ် "
ရွှီမိန် နဲ့ စုန့်လင်းလင်း တို့က တိုးတိုးလေး တိုင်ပင်ပြီး ပြောခဲ့သည်။
"ဒါဆိုရင် ငါတို့ဆီက ဟင်းချက်နည်းကို နင်တို့ သင်မယ်ဆိုရင်ကော.... ဘယ်လိုလဲ။ ဟင်းချက်နည်းတွေ အများကြီး မတတ်ပေမယ့် အိမ်မှာ စိုက်ထားတဲ့ အသီးရွက်တွေနဲ့ အိမ်ချက် ဟင်းလေးတွေကို စားလို့ရတာပေါ့ "
ရွှီမိန်တို့နှစ်ယောက်က နေ့ခင်း စိုက်ခင်းကို ကြည့်ရသည့်အပြင်ရှောင်ရန်ကို ထိန်းရသည့်အတွက် အားလုံးအတွက် ဟင်းချက်ပေးချိန်မရှိပေ။ ဒါပေမယ့် ဟင်းချက်နည်းသင်ပေးမယ်ဆိုရင် အားလုံး သူတို့ စားချင်သည့် ရိုးရှင်းသည့် ဟင်းကို ချက်စားနိုင်လိမ့်မည်။
လော်ရွှင့် က အကြံပေးလိုက်သည်။
"ဟင်းရွက်ကို ကြော်တာက အရမ်းရိုးရှင်းတယ်၊ သင်ယူဖို့ မခက်ပါဘူး။ သင်ထားတာကို ကြည်ပြီး စမ်းချက်ကြည့်ပေါ့။ နောက်ပိုင်း ကိုယ်စဉ်းစားမိသလို ထပ်ကွန့်ပြီး ချက်လို့လည်း ရပါတယ် "
အဖွဲ့ဝင်များအားလုံး ဟင်းချက်နည်းကို လေ့လာနိုင်ရန် နောက်ဆုံးတွင် အခန်းနံပါတ် 1601 သို့ စုဝေးဖို့ သဘောတူခဲ့သည်။ဟင်းချက်ဖို့ အသုံးပြုထားသော ပါဝင်ပစ္စည်းများကတော့ လော်ရွှင့်တို့ ထုတ်ပေးခြင်းဖြစ်သည်။
လီထယ် နဲ့ တခြားသူတွေဟာ အရင်က စခန်းရဲ့ ကင်တင်းမှာပဲ စားသောက်ကာ သူတို့ အိမ်မှာ စိုက်ပျိုး ရသမျှ အားလုံး စခန်းကိုပဲ ရောင်းချခဲ့သည်။ အခုတော့ သူတို့က ဆန်စပါးကို စိုက်ပျိုးနိုင်ခဲ့လေပြီ။
တွက်ချက်ပြီးနောက်၊ သူတို့၏ ရိတ်သိမ်းမှုက အတော်လေးကို များနေဆဲဖြစ်သည်။ သူတို့မစားပဲ စခန်းကိုရောင်းလိုက်ရင်တောင် အမြူတေ သိပ်များများရမည် မဟုတ်ပေ။
ကျောင်းသားများကို ဟင်းသီးဟင်းရွက်ကြော်နည်းသင်ပေးရန် ၁၆ လွှာတွင် အားလုံးစုရုံးကြသည်။
ကံကောင်းထောက်မစွာပင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်တွေက ကြီးထွားမှုမြန်သော အရွက်စိမ်းများဖြစ်သည်။ ထိုဟင်းသီးဟင်းရွက်မျိုးများသည် စိုက်ပျိုးရ လွယ်ကူပြီး လတ်ဆတ်လှသဖြင့် ဆားထည့်ကြော်ရုံနှင့်ပင် အရသာရှိလှသည်။
လော်ရွှင့်က အဖွဲ့သားတွေကို အသီးရွက် အချဉ်သိပ်နည်းသင်ပေးခဲ့သည်။
"ကံဆိုးတာက ဂျုံမှုန့်သိပ်မရှိတော့ဘူး... လော်ရွှင့် မင်း ဂျုံစိုက်ချင်လား"
အချဉ်သိပ်နည်းအကြောင်းပြောရာမှ ပေါင်မုန့်အကြောင်းကိုရောက်သွားချိန်ကျောင်းသားများက မေးခဲ့သည်။
"ကောင်းပြီ၊ ဒီတစ်သုတ် ရိတ်သိမ်းပြီးတဲ့အခါ ဂျုံစိုက်ကြတပေါ့... ဂျုံက ကောင်းကောင်း ကြီးထွားမှာပါ "
သူတို့၏အိမ်တွင် ဖန်လုံအိမ်ကဲ့သို့ အပူချိန် ချိန်ညှိနိုင်သော စနစ်ပါရှိသည်။ အပြင်ဘက်က လယ်ကွင်းတွေထက် ပိုကောင်းသဖြင့် အိမ်ထဲမှာ စိုက်ထားလို့ မျိုးပြောင်းနိုင်ချေကို တားဆီးပြီးသားဖြစ်သည်။
"ပြီးတော့ ပြောင်းဖူးစိုက်ရမယ်! ဒီတစ်ခါ စပါးရိတ်တော့ သိပ်အများကြီး မရဘူး "
"မှန်ပါတယ်၊ ဒီအသုတ်တွေ ကြီးထွားလာဖို့ စောင့်ရဦးမယ်"
အထူးသဖြင့် လအနည်းငယ်ဖြင့် ရင့်မှည့်သည့် ကာလတိုသီးနှံများကို စောင့်ဆိုင်းရမည်ဖြစ်ပြီး နောက်တစ်ရာသီမှာ အမြန်စိုက်ရမည်ဖြစ်သည်။
ဟင်းချက် သင်ခန်းစာက အောင်မြင်ခဲ့တယ်၊ အနည်းဆုံး အစားအစာက အဆိပ်မရှိသလို အရသာလည်း ကောင်းနေသေးသည်။ ရိုးရိုးသားသား ပြောရရင် ကင်တင်းက အစားအသောက်တစ်ခုစီကို ဗီဇပြောင်း အသီးအနှံနဲ့ အစေ့အဆန်တွေနဲ့ အစားထိုးလိုက်တဲ့အတွက်ကြောင့်၊ လီထယ် နဲ့ တခြားသူတွေက ဆားနဲ့ ရောကြော်ထားတဲ့ ၊ ရေလုံပြုတ်ထားတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပုံမှန် ထမင်းနဲ့ တွဲစားရတာက တကယ့်ကို စည်းဇိမ်ခံတဲ့ ဟင်းတစ်ခွက်လို့ တောင် ရုတ်တရက် ခံစားလိုက်ရတယ်။
ထိုငါးယောက်ကို ကြည့်ပြီး အချဉ်နဲ့ အသီးအရွက်များ ရောက်ချက်စားကာ ပျော်ရွှင်နေသော ကျောင်းသားလေးများကို ကြည့်ပြီး လော်ရွှင့် က အသီးအရွက်စိမ်းနှင့် တို့စားရန် ငံပြာရည်ချက်နည်း သင်ပေးခဲ့သည်။ အနံ့အရသာကလည်းကောင်း ထမင်းကိုလည်း မြိန်စေသည်။
သူတို့ ဆန်ကုန်ခါနီးအချိန် အောက်တိုဘာလ 10 ရက်နေ့တွင် လော်ရွှင့် နှင့် ယန်ဖေး သည် အိမ်သို့ စောစောပြန်လာခဲ့ပြီး အခန်းနံပါတ် 1501 သို့တိုက်ရိုက်သွားခဲ့ကြပြီး ကောက်ရိတ်သိမ်းရန် လုပ်ကြသည်။
ရိုးရိုးသားသား ပြောရလျှင် သူတို့က အစားအစာ စိုက်ပျိုးရန် နေရာလွတ်အားလုံးကို အသုံးပြုရန် စီစဉ်ခဲ့ခြင်းကြောင့် ရိတ်သိမ်းချိန်မှာ ရလဒ်က အရမ်းကောင်းခဲ့သည်။ ပိုးမွှားရောဂါ မရှိသလို၊ သဘာဝဘေးအန္တရာယ်မရှိ၊ စပါးစိုက်ခင်းများတွင် အရည်အသွေးမြင့် ပျိုးပင်များပေါက်ရောက်ခဲ့သည်။ အသင်းသားအားလုံးက စပါးရိတ်သိမ်းခြင်းအပေါ် ယုံကြည်မှုအပြည့်နဲ့ မျှော်လင့်ချက်များစွာ ထားခဲ့သည်။
ယန်ဖေး နှင့် အခြားလူများက စပါး ရိတ်သိမ်းရန် တံစဉ်များကို အသုံးပြုခဲ့ကြသည်။ အောက်ခံမှိုသစ်သား အလွှာ တစ်ထပ်ခံကာ စပါးပင်ကို စင်ပေါ်၌ စိုက်ထားသောကြောင့် ခါးကုန်းကာ စပါးရိတ်စရာမလိုတော့ပေ။
ထိုအချိန်တွင် စပါးများ ရိတ်သိမ်းပြီးသည်နှင့် နောက်တသုတ်အတွက် စပါးပင်ပေါက်ကို ပျိုးခင်းခန်းတွင် စိုက်နိုင်သည်။ စပါးခင်းတစ်ခု ထပ်မံစိုက်ပျိုးရန် လာမည့်နွေဦးအထိ စောင့်ရဦးမည်။
လူအားလုံး အချိန်ကို မကြည့်အားပဲ စပါးရိတ်ခြင်းဖြင့် အလုပ်ရှုပ်နေကြသည်။ စပါးရိတ်ပြီးနောက် လော်ရွှင့် က စပါးကို သံစင်ပေါ်မှာ အခြောက်ခံဖို့ နောက်အဖွဲ့ကို အမိန့်ပေးလိုက်သည်။ ယန်ဖေးသည် သတ္တုအပိုင်းအစအချို့ကို သံဇကာကွက်ကဲ့သို့ လုပ်ကာ အောက်မှ ခံထားသည်။ ဒါမှ ကြွေကျသည့် စပါးတစ်စေ့ပင် မဆုံးရှုံးနိုင်တော့ပေ။ ဆန်တစ်စေ့တိုင်းက အဖိုးတန်သည်။
အခန်းတိုင်းတွင် အချိန်မှတ်သားည့် ဒိုင်ခွက် ပါရှိသောကြောင့် ဆန်မှည့်သည့် ရက်က အနည်းငယ်ကွဲပြားသော်လည်း သိပ်မကွာလှပေ။ စပါးကို အခြောက်ခံသည့်နေရာက ကျဉ်းသဖြင့် တသုတ်ကို နှစ်ရက် အခြောက်ခံရသဖြင့် စပါးအားလုံးခြောက်ဖို့ စုစုပေါင်း တစ်ပတ်ကြာသည်။
ဟုတ်တာပေါ့.... အဲဒီကာလမှာ လော်ရွှင့် က စပါးပျိုးပင်တွေကို သေတ္တာထဲမှာ စိုက်ခဲ့တယ်။ တစ်ဖက်မှ ခြောက်သွားသည့် စပါးတွေကို အိမ်သုံး စပါးကြိတ်စက်ဖြင့် ဆန်ရအောင် ကြိတ်ခဲ့သည်။ ထိုကြိတ်စက်က Second Hand ဆိုပေမယ့်လည်း အသုံးပြုလို့ရတုန်းပါပဲ။
အခွံချွတ်စက်သည် အနည်းငယ်ကြီးမားပြီး အဖွဲ့သားအားလုံးက အခန်း ၁၆၀၃ တွင် ကောက်နှံများကို ကြိတ်ခွဲရန် ဆုံးဖြတ်ခဲ့သည်။ ညနေတိုင်း စက်ဖြင့် စပါးကြိတ်ကာ အလုပ်များပြီး ရက်အနည်းငယ် ကြာသောအခါတွင် အဖွဲ့သားအားလုံးက သူတို့၏ရိတ်သိမ်းကာ ကြိတ်ခွဲရရှိသည့် ဆန်ကို ချိန်ကြည့်လိုက်တော့ ဆန် 600 ကီလိုဂရမ်နီးပါးရှိကြောင်း သိလိုက်ရသဖြင့် စိတ်လှုပ်ရှားနေခဲ့သည်။ !
အထပ်နှစ်ထပ်တွင် နေထိုင်ရန်နေရာမှလွဲ၍ ကျန်ဧရိယာကို တတ်နိုင်သမျှ သီးနှံများ စိုက်ပျိုးထားသည်။ လော်ရွှင့် ၏နေရာက နေရာ ပိုတောင် ကျဉ်းနေသေးသည်။ ရသမျှ နေရာတိုင်းကို သစ်သီးများနှင့် အပင်မျိုးကွဲများကို လသာဆောင်အထိ စိုက်ပျိုးထားသည်။
"ထမင်းချက်ဖို့ ဆန်တွေ အများကြီးပဲ..."
ဟော်ချန်ခွန်း က အပျော်လွန်ကာ မူးဝေနေသည့် အမူအရာဖြင့် ပြောလိုက်သည်။
"ဒီအရသာ! ဒီအနံ့! ဒါကမှ ဆန်အစစ်ပဲ!"
"ထမင်းအသစ်က အရမ်းမွှေးတာပဲ၊ ဒီည ထမင်းချက်လို့ရပြီ၊ ဌက်သားနဲ့ တခြားဟင်းလျာတွေကို ထမင်းနဲ့ စားမယ်!"
ရွှီမိန် လည်း စိတ်လှုပ်ရှားသွားသည်။ သူမနှင့် စုန့်လင်းလင်း တို့သည် အခန်းများကို နေ့စဉ်စစ်ဆေးကြပြီး ကောက်ပဲသီးနှံနှင့် ဆန်အတွက် အမြင့်ဆုံးမျှော်လင့်ထားကြသည်။
လော်ရွှင့် က အဖွဲ့ကို ပြုံးပြပြီး ပြောခဲ့သည်။
"အားလုံး စုစည်းလိုက်ကြပါ...ကျွန်တော်တို့ ကောက်ပဲသီးနှံတွေခွဲကြရအောင်"
သူက လူတိုင်းကို လှည့်ပြီး ရှင်းပြခဲ့သည်။
"ကျွန်တော်တို့ ဖြန့်ချီရေး အချိုးကို ညှိနှိုင်းခဲ့တယ်၊ အရင်က သဘောတူညီချက်ကို ဘယ်သူမှမငြင်းဘူး မဟုတ်လား"
လူတွေက ခေါင်းခါလိုက်ကြသည်။ ဆန်နှင့် ဂျုံ၊ အစေ့အဆန်များသည် နေ့စဉ်မရှိမဖြစ် လိုအပ်သောကြောင့် မူလက ဆုံးဖြတ်ထားသော အချိုးအစားမှာ အဆင်ပြေသည်။ လော်ရွှင့် သည် တနင်္လာနေ့များတွင် လူတိုင်းစားရန် သီးနှံအလုံအလောက်မရတော့မည်ကို စိုးရိမ်နေသည်။ သူသည် စပါး တစ်စိတ်တစ်ပိုင်းကို မတောင်းသော်လည်း အမျိုးသမီးနှစ်ဦးသည် သူတို့၏အလုပ်အတွက် အမှတ်အချို့နှင့် အမြူတေကို ပေးဖို့ လိုအပ်သည်။
ကောက်နှံများကို ချိန်ဆပြီး အသုံးမဝင်သော အကြွင်းအကျန်များကို စွန့်ပစ်၍ လူအရေအတွက်အလိုက် ခွဲဝေပေးခဲ့သည်။ ရှောင်ရန် သည် ငယ်သော်လည်း လူတိုင်းက ကလေးကို ပြုစုစောင့်ရှောက်လိုကြပြီး သူမရဲ့ ရိက္ခာကို မည်သူမျှ လုယူမည်မဟုတ်ပေ။
ကမ္ဘာပျက်မတိုင်မီက ကြိုတင်ပြင်ဆင်ထားသည့် အစားအစာအိတ်များဖြင့် လူတိုင်း လူတိုင်းက ဆန်ပေါင်ချိန် ၁၀၀ ကျော် ရခဲ့ကြသည်။ ဤသည်မှာ တစ်နှစ်ခွဲစာအတွက် လူတိုင်း အတွက် စားနပ်ရိက္ခာဖြစ်ပြီး နောက်နှစ်အထိပင် လုံလောက်သည်။
တကယ်တော့၊ လူတိုင်းစားဖို့ စပါးအလုံအလောက်မရှိပေမယ့် ကံကောင်းထောက်မစွာပဲ အာလူးနဲ့ ပြောင်းဖူးလိုမျိုး အသီးအရွက်တွေ အစုံအလင်ရှိခဲ့လို့ အစာငတ်မှာကို စိတ်ပူစရာမလိုဘူး။
အိုးထဲရှိ ထမင်းရဲ့ မွှေးရနံ့ကိုရတော့ လူတိုင်းက အနံ့ခံလိုက်ကြပြီး၊ အထူးသဖြင့် စစ်တပ်ရဲ့ ကြောက်စရာကောင်းတဲ့ အစားအစာကို စားအပြီးမှာ လူတွေက အရမ်းစိတ်လှုပ်ရှားနေကြတယ်။
"ဟူးးးးး နောက်ဆုံးတော့ ငါ ထမင်း အရသာအစစ်ကို သိပြီ၊ အိမ်ချက် ထမင်းဟင်းက အကောင်းဆုံးပဲ..."
"မှန်ပါ့...မှန်ပါ့... မနက်ဖန်ကစပြီး ငါ စားစရာတွေ မဝယ်ဘဲ ပေါင်းထားတဲ့ မုန့်ပေါင်းတွေပဲ သွားယူမယ်!" လူပေါင်းများစွာ ခေါင်းညိတ်ကြသည်။
သူတို့တင်မဟုတ်ပဲ လော်ရွှင့် လည်း သူတို့လိုပဲ သူတို့ကိုယ်တိုင်ချက်ထားသည့် နေ့လည်စာ ယူသွားခဲ့သည်။ လီထယ် နဲ့ တခြားသူတွေ ပျိုးပင်တွေ ကြဲဖို့ အလုပ်များနေပြီး ဟင်းချက်ဖို့ နောက်ကျသွားလို့ ကင်တင်းမှာ စားခဲ့ရသဖြင့် အတော်လေးကို ကြေကွဲနေခဲ့သည်။
အခြေစိုက်စခန်းတွင် တပ်သားအတော်များများက သူတို့ရဲ့ အထက်လူကြီးတွေကို အစားအသောက်က အရသာမကောင်းလှကြောင်း သတင်းပို့ခဲ့ပေမယ့် ထောက်ပံ့ပို့ဆောင်ရေးက ဂိုဒေါင်ထဲမှာ သိုလှောင်ထားသည့် စပါးမရှိတော့သဖြင့် မျိုးပြောင်းဆန်ကိုသာ စားရုံအပြင် ဘာမှ မတတ်နိုင်ဘူးဟု ပြန်ဖြေခဲ့သည်။
စပါးကို လှောင်အိမ်ထဲမှာ ဂရုတစိုက် စိုက်ထားရင် ကုန်ကျစရိတ်နဲ့ ပြန်ရတာ ကာမိပေမယ့် ဧကဝက် ထက်နည်းရင် ကုန်ကျစရိတ်ပိုကြီးလောက်သည်။ ရတာနဲ့ကုန်တာက ဘာမှ မထူးလောက်ပေ ။
ထိုကောက်သစ်ကို တပ်သားတွေက အဓိက စားရသည်။ ဒါက အရသာဆိုးပေမယ့် ဗိုက်ဖြည့်ဖို့ လုံလောက်ပါသေးသည်။
မျိုးပြောင်းစပါးအရသာကြောင့် ဆန်ဝယ်ရန် အမှတ်များနှင့် အမြူတေများကို စုဆောင်းထားသည့် စွမ်းအားရှင်အားလုံး အသည်းကွဲခဲ့ကြသည်။ အစားအသောက်ဈေးမတက်ခင် စားရသည့် ဆန်က အရသာကောင်းသေးသည်။ ဒါပေမယ့် အခု ဟင်းတွေက အရသာ အရမ်းဆိုးတယ်၊ ထမင်းတောင် စားရခက်နေတော့ လူတွေ ဘယ်လိုအသက်ရှင် နေနိုင်တော့မှာလဲ !
ဒီလိုအစားအစာမျိုး မဝယ်ရင်လည်း သူတို့ စားစရာမရှိတော့ပေ။ လူတွေက အိမ်မှာ တနိုင်တပိုင် စပါးမစိုက်မိသည်ကို နောင်တရနေကြသည်။ ဒါပေမယ့်နောင်တရလည်း မထူးတော့ပေ။ အခု လွတ်နေသော မြေအားလုံးသည် ယာယီ အဆောက်အဦများဖြင့် ပြည့်လို့နေသည်။ အခြေစိုက်စခန်းက လူများလာသဖြင့် ကိုယ်စိုက်ထားလျှင်လည်း ခိုးယူခံရနိုင်သည်။
စပါးရိတ်သိမ်းရာသီဖြစ်ပေမယ့် အခြေစိုက်စခန်းတစ်ခုလုံး လူတွေ စိတ်ညစ်နေကြသည်။ ကံကောင်းထောက်မစွာ၊ လူသားတွေက စူပါစွမ်းရည်များ မရှိနိုင်သော်လည်း သူတို့၏ လိုက်လျောညီထွေ ရှိမှုမှာ ပထမတန်းစားဖြစ်သည်။ ဘယ်လောက်ဆိုးဝါးတဲ့ အစားအသောက်ဖြစ်ပါစေ ...စားပါများလျှင် အကျင့်ဖြစ်လာပြီး ညည်းညူတာတွေ လျော့နည်းလာသည်။
လော်ရွှင့် နှင့် ယန်ဖေး တို့သည် ကျောင်းသားအားလုံး သူတို့ရဲ့ နေ့လည်စာကို စိတ်လှုပ်ရှားစွာ ထုပ်ပိုးကြသည်ကို တွေ့လိုက်ရသည်။ နှစ်ယောက်သား အလုပ်ကို ထမင်းယူသွားကြမလားဟု တီးတိုးတိုင်ပင်နေကြသည်။
သူတို့ရဲ့အခြေအနေက လီထယ် နဲ့ တခြားသူတွေနဲ့မတူပါဘူး။ ကျောင်းသားတွေနဲ့ ကျန်းရီ က တစ်ယောက်တည်း စားကြလို့ အခြားလူတွေကို သူတို့ ထမင်းဘူးက ဘယ်လိုမှ အနှောက်ယှက်မဖြစ်နိုင်ပေ။
ဒါပေမယ့် လော်ရွှင့် ကတော့ မတူဘူး၊ သူတို့ဟာ တံတားတစ်ခုဆောက်ပြီး နေ့စဉ်အစားအစာတွေကို အခြေစိုက်စခန်းက ကားတွေနဲ့ တိုက်ရိုက်ပို့ပေးတယ်။ အားလုံးအတူတူစားကြပြီး ကိုယ့်အတွက် ထမင်းဟင်းကို ထုပ်ယူလာရင် အားလုံး သတိထားမိလိမ့်မည်။
အစကတည်းက သူတို့ကိုယ်ပိုင် ရိက္ခာယူလာပြီး စခန်းက ပေးတာကို မစားခဲ့ဘူးဆိုရင် ပြဿနာမရှိပေ။ အခုတော့ အားလုံး အစားသောက် အခြေနေဆိုးသွားမှ သူတို့ကိုယ်ပိုင်အစားစာကိုသာ စားတယ်ဆိုရင် ဒါက ကျေးဇူးကန်းတာမဟုတ်ဘူးလား။
ထို့အပြင် သူတို့သည် ကပ္ပတိန် ကောင်း နှင့် အဖွဲ့သားများနှင့် ခင်မင်ရင်းနှီးပြီး ထမင်းဟင်း အကောင်းများ ပါလာသည်ကို သိပါက မျှဝေရမည်ဖြစ်ပါသည်။
ဒီလို ဒုက္ခမဖြစ်အောင် သူတို့နှစ်ယောက်က အဖွဲ့နဲ့ပဲ ဆက်စားဖို့ ဆုံးဖြတ်လိုက်သည်။ ဒါက အရသာနည်းနည်းဆိုးတာပဲမဟုတ်လား။ သူတို့ မနက်စာကို ဗိုက်ဝဝ စားသွားနိင်သည်။ နေ့လည်ကို အဆာပြေလောက်ပဲ စားပြီး အိမ်ပြန်ရောက်တာနဲ့ များများစားလို့ရတယ်။
ဆောင်းဦးရာသီတွင်၊ သူတို့ အဖွဲ့သည် နံရံမှ တည်ဆောက်ရေးအများစုပြီးသွားလို့ နည်းနည်းပျင်းနေကြသည်။
ရွှီမိန် နှင့် စုန့်လင်းလင်း တို့ အဆင်ပြေစေရန်အတွက် သူတို့သည် လိုအပ်သည့်အရာများကို 15 လွှာတွင် စုစည်းထားခဲ့ပြီး လော်ရွှင့် ၏အိမ်နံရံကို ဆိုလာပြားများဖြင့် ဖုံးအုပ်ထားခဲ့လို့ ဓာတ်အားပြတ်တောက်မည်ကို မစိုးရိမ်ရပေ။ ဒါက နေရာကောင်း ရခြင်းရဲ့ အကျိုးကျေးဇူးပဲ။
လော်ရွှင့် သည် အမိုးပေါ်က လဟာပြင်နေရာကို မသုံးချင်သော်လည်း သူတို့၏အိမ်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် အလွန်ကြီးမားသောကြောင့် သူတို့ပိုင်သည့် ဆိုလာပြားများ နေရာအနှံ့ရှိနေသည်။
လကုန်အထိ အလုပ်များပြီး သီးနှံအားလုံးနီးပါးကို ရိတ်သိမ်းသိမ်းထားကြသည်။ လော်ရွှင့် နှင့် အဖွဲ့သည် တစ်နေ့တာအလုပ်များ ပြီးသွားကာ သူတို့၏နောက်ထပ် အခြေစိုက်စခန်းသို့ ခရီးထွက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
***-***
ESTÁS LEYENDO
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Terrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies