အခန်း (၆၁၉) : ဖင်းဖန်
ကျော့ဖျင်အန်းက ကြက်ပေါက်စလေးကဲ့သို့ ခေါင်းတညိတ်ညိတ်လုပ်ကာ
“ ဒါပေါ့ ဒါပေါ့ … ကျုပ်တို့တွေ ဆေးလုံးဆရာရဲ့ စကားအတိုင်း လိုက်လုပ်ပေးမှာပေါ့။ ပြီးတော့ ဒီဆေးခြောက်လုံးက ကျုပ်အတွက် နှစ်အတော်ကြာ လုံလောက်ပါသေးတယ် ”
ကျော့ဖျင်အန်းက မိုဝူကျိ ဟန်ဆောင်နေမှန်း မသိပေ။ အကြောင်းမှာ သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကား ဆေးလုံးဆရာ၏ အသက်ဓာတ် လိုအပ်မှန်း သိပေသည်။ ထို့ကြောင့် မိုဝူကျိနောက် နှစ် ၂၀ လိုက်ကာ ဝန်ဆောင်ခအဖြစ် ပေးရန် ဆန္ဒရှိနေခြင်း မဟုတ်ပါလော။ ထို့အပြင် မိုဝူကျိက သူ့အတွက် နောင်နှစ် နှစ်ဆယ်ကြာသည့်အခါ သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးကို ဖော်စပ်ပေးမည် ဖြစ်၏။
“ တာအိုရောင်းရင်းကျော့မှာ ဘာကိစ္စ မှ မရှိရင် ကျုပ်နဲ့ အင်မော်တယ်နယ်မြေတွေဆီ အတူတူ လိုက်ခဲ့ပါ့လား ” မိုဝူကျိက သူ့ဆေးလုံးအကျိုးသက်ရောက်မှု ရှိကြောင်း နှင့် ကျော့ဖျင်အန်း၏ သဘောထားကို မြင်တွေ့ပြီးနောက် ဤသို့တောင်းဆိုလျှင်ပင် ပြဿနာမရှိကြောင်း သိလိုက်သည်။
မိုဝူကျိက သူ့ဆေးလုံးအဆင့်အတန်းအပြင် ကျော့ဖျင်းအန်း၏ သင်္ကေတ ခုနှစ်သွယ် ပသာဒဆေးလုံးအပေါ် လိုလားမှုတို့ကို ထည့်တွက်လျှင် ဤလူအား နှစ်တစ်ရာလောက် အတူတူ ခေါ်သွားလျှင်ပင် ထိုလူက လိုလားနေဦးမည် ဖြစ်ကြောင်း ယုံကြည်သည်။
သို့သော်လည်း မိုဝူကျိက ထိုသို့ မလုပ်ချင်ပေ။ အင်မော်တယ်လမ်းစဉ်မှာ ရေစီးကြောင်းကို ဆန်၍ ရွက်လွှင့်ရသည်နှင့် တူပေရာ ကံတရားနှင့် အပြောင်းအလဲများကို လက်သင့်ခံနိုင်စွမ်းတို့ကား လိုအပ်ပေသည်။ အကယ်၍ ဤသို့မျိုး ထိပ်တန်း အဆင့်မြင့် ကျင့်ကြံသူနှစ်ယောက် သူ့ဘေး၌ ရှိနေလျှင် ဘာအန္တရာယ်၊ စိမ်ခေါ်မှုမှမရှိဘဲ အရာအားလုံးကို ရရှိနိုင်ပေလိမ့်မည်။ ဤသို့ဖြင့် သူက အင်မော်တယ် ဧကရာဇ် ဖြစ်လာလျှင်ပင် သာမာန်တစ်ယောက်သာ ဖြစ်နေပေလိမ့်မည်။
အခက်အခဲ ဒုက္ခများကို ဖြတ်ကျော်ပြီး စိမ်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်ခြင်းကသာ တိုးတက်လာစေလိမ့်မည်။ အန္တရာယ်နှင့် အခက်အခဲ စိမ်ခေါ်မှုများကြား သူက သေခြင်းတရားနှင့်လည်း ကြုံတွေ့နိုင်သေး၏။ သို့သော် ကျင့်ကြံခြင်း လမ်းကို ရွေးချယ်ပြီးလိုက်ပြီ ဖြစ်၍ ဤအရာမှာ လိုအပ်ကြောင်း သိထား၏။