အခန်း (၆၇၃) : ရှုပ်ထွေးလှသော ဆက်ဆံရေးများ
“ ဆရာ ….” မိုဝူကျိက ယူကျင့်ဖုန်းမှာ သူ့တပည့် ဖြစ်ကြောင်း မပြောနိုင်လိုက်ခင် လျန်ယင်ရှန်းက ရုတ်တရက်ကြီး ရှေ့တိုးလာကာ သူ့အား ဖက်လိုက်၏။ သူမ မျက်နှာတွင် မျက်ရည်စီးကြောင်း ရှိနေဆဲ ဖြစ်သည်။
နူးနူးညံညံ ခံစားချက်က သူ့အား နှောင့်ယှက်နေလေ၏။ မိုဝူကျိက လျန်ယင်ရှန်း၏ စိတ်ခံစားချက်ကို နားလည်ပေရာ သူ့တွင် မသန့်ရှင်းသော အတွေးတစ်ချက်ပင် မရှိပေ။ လျန်ယင်ရှန်းက ပြတ်သားကာ တိတ်ဆိတ်နေတတ်သူ ဖြစ်သော်လည်း တကယ်တမ်းတွင် သူမက မိသားစု အချစ် လိုအပ်နေခြင်း ဖြစ်၏။ သူမ မိဘများက ငယ်ရွယ်စဉ်ကတည်းမှ သေဆုံးသွားလေရာ သူမအနေဖြင့် ရင့်ကျက်ရုံမှအပ ရွေးချယ်စရာ မရှိပေ။ ယူချန်းက သူမကို အသက်ရှင်ဖို့ရာ ထောက်ပံ့ပေးထားသော်လည်း လိုအပ်နေသည့် မိသားစု အချစ်ကိုတော့ မဖြည့်ဆည်းပေးနိုင်လိုက်ချေ။
မိုဝူကျိ၏ ခန့်မှန်းချက်မှာ မှန်ကန်ပေ၏။ လျန်ယင်ရှန်းမှာ စိတ်ခံစားချက်များ ရောပြွန်းနေပေသည်။ သူမက ဖူးဖူးမှုတ်ခံကာ အလိုလိုက်ခံထားရသည့် ခံစားချက်ကို မသိသလို အားပေးထောက်ခံပေးသည့် ခံစားချက်မျိုးကိုလည်း မသိခဲ့ချေ။ သူမ ခံစားနေရသည့်အခါ ရင့်ကျက်ဖို့ရာသာ ကြိုးစားခဲ့ရ၏။ တခြားသူများအမြင်၌ သူမမှာ အမှီအခိုကင်းကာ အလုပ်ကြိုးစားသော အမျိုးသမီးတစ်ဦး ဖြစ်နေသည်။
သူမ မိဘများနှင့် ဆက်ဆံရေးအပြင် အဘိုးယူချန်းက သူမအတွက် များစွာ ထောက်ပံ့ပေးခဲ့သည်မှာ ယူကျင့်ရှန်းနှင့် လက်ထပ်ပေးလို၍ ဖြစ်သည်။ ထိုအရာက သူမအား အလိုက်သင့် လက်ခံပေးရသော အခြေအနေသို့ တွန်းပို့သလို ဖြစ်သွားသည်။ မိုဝူကျိက သူမကို တပည့်အဖြစ် လက်ခံမည့်အကြောင်း ပြောစဉ် သိုဝှက်ထားသော ရည်ရွယ်ချက် မရှိဘဲ လေးနက်မှုကိုသာ ခံစားမိလိုက်ရသည်။
သူမ အဖမ်းခံရပြီး အနိုင်ကျင့်ခံရစဉ် သူမကိုယ်သူမ သေးနုပ်လာသည်ဟု ခံစားမိလိုက်၏။ သူမက ထောက်ပံ့မှုတချို့ကို အလိုရှိလာသည်။ မိုဝူကျိက ထိုစကားများ ပြောလိုက်သောအခါ မိုဝူကျိက လိမ်ညာနေခြင်း မဟုတ်ကြောင်း ခံစားမိ၍ သူမ ကြိုးစားအောင့်အီး သည်းခံထားရသော ဝန်ထုပ်ကို လွှတ်ချလိုက်ရုံမှ လွဲ၍ မတတ်နိုင်တော့ပေ။