လူသားသစ္စာ စာစဉ် (၄၂)
အခန်း (၅၇၂) : ဖန်မျိုးနွယ်စု၏ မျိုးဆက်များ
မိုဝူကျီက လို့ယွဲ့ရွမ်းကို ကျင့်ကြံလမ်းကြောင်းနှင့် ပတ်သတ်ပြီး သင်ပြပေးလိုက်သော်လည်း လို့ယွဲ့ရွမ်း၏ ပါရမီမှာ မဆိုးလှသောကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။ မိုဝူကျီက သူမကို တစ်ကြိမ်မျှသာ သင်ပေးလိုက်ရုံဖြင့် သူမဘာသာ လုပ်နိုင်စွမ်း ရှိ၏။
လို့ယွဲ့ရွမ်းက စိတ်လှုပ်ရှားလွန်းသဖြင့် အသက်ရှုမဝင်ပင် ဖြစ်လာမိသည်။ သူမက မှော်စွမ်းအင် ကျင့်ကြံမှုကို မြန်မြန် ရပ်တန့်ကာ မိုဝူကျီအား စိတ်လှုပ်ရှားစွာ ကြည့်ပြီး ပြောလိုက်သည် “ အစ်ကိုမို .... ညီမ အဆင့်မြင့်အတန်း မရောက်သေးပေမဲ့ မှော်စွမ်းအင်ကို ခွဲနိုင်သွားပြီ ”
လို့ယွဲ့ရွမ်းက ပြောတာ ရပ်လိုက်ပြီး တစ်ခုခု တွေးမိသွားဟန် ပေါ်၏။ ထို့နောက် သူမက ပို၍ စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလိုက်သည် “ အစ်ကိုကြီးမို ... တကယ်လို့ အစ်ကိုကြီးရဲ့ နည်းလမ်းတွေကို တခြားသူတွေဆီ ပြန်သင်ပေးရင် အားလုံးလည်း အချိန်တိုအတွင်း မှော်စွမ်းအင်ကို ခံစားမိပြီး ကျင့်ကြံနိုင်ကြမယ် ထင်တယ် .... ”
လို့ယွဲ့ရွမ်းက ထိုအတွေးဖြင့် သူမ သင်ယူလိုက်သည့်အရာမှာ အင်မတန် အံ့ဩဖို့ကောင်းကြောင်း သိလိုက်၏။ ထိုအရာမှာ အခြေအနေအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သော ရှာဖွေတွေ့ရှိမှုကြီး ဖြစ်ပေသည်။
အကယ်၍ ဤအရာကို အားလုံးဆီ ဝေမျှပေးလိုက်လျှင် .....
မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး “တချို့အရာတွေက စာရွက်ပါးလေးလိုပဲ ပါးလွှာတယ်။ တစစီ စုတ်ဖြဲလိုက်တာနဲ့ ဘယ်လောက် လွယ်လဲဆိုတာ သိရှိသွားတာမျိုးပေါ့။ အခု မင်းက မှော်စွမ်းအင်ကို ခံစားမိပြီဆိုတော့ အဆင့်မြင့် အတန်း ဝင်ခွင့် စစ်ဆေးမှုကို ဝင်ဖြေလို့ ရပြီလား ”
လို့ယွဲ့ရွမ်းက စိတ်အားထက်သန်စွာ ပြောလိုက်သည် “ ညီမ မှော်စွမ်းအင်ကို ခံစားမိတာဆိုတော့ သေချာပေါက် အဆင့်မြင့်အတန်းဆီ ဝင်ခွင့် ရလိမ့်မယ် ”