အခန်း (၆၁၅) : ကျုပ်ရဲ့ ငြိမ်းချမ်းရေး တည်းခိုဆောင်ဆီ လာခဲ့
လဝက်အကြာတွင် ဟန်လုံ၏ မိုးကြိုးစမ်းသပ်ချက်က ဖြည်းဖြည်းချင်း ပျောက်ပျက်သွားလေ၏။ မိုဝူကျီက ဟန်လုံကို ကြည့်ဖို့ရာပင် မလိုပေ။ သူမ စွမ်းအားများကို ခံစားလိုက်ရုံဖြင့် ဟန်လုံက အင်မော်တယ်ဘုရင်အဆင့် ရောက်ရှိသွားပြီး သူမ ကျင့်ကြံဆင့် တည်ငြိမ်အောင် ဝိညာဉ်စွမ်းအားများ စုပ်ယူနေခြင်း ဖြစ်ကြောင်း ပြောနိုင်သည်။
မိုဝူကျီက အလျှင်မလိုပေ။ သူက တာ့ဟွမ်နှင့် စကားလက်ဆုံ ပြောနေလိုက်၏။ တာ့ဟွမ် သိထားသည်မှာ အနည်းငယ်မျှသာ ရှိပြီး သူ့ကို ဖန်တီးပေးခဲ့သူမှာ အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ဦး ဖြစ်ကြောင်းသာ သိ၏။ ကြည့်ရသည်မှာ ထိုအစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားက မှော်ရတနာများကို ထုဆစ်စဉ် ကျန်ရှိနေသော လက်ကျန်ပစ္စည်းများကို သုံးကာ တာ့ဟွမ်ကို ဖန်တီးထားခြင်း ဖြစ်ပေသည်။
အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသား၏ သွင်ပြင်၊ နာမည်နှင့် တည်နေရာကို တာ့ဟွမ်အနေဖြင့် ဘာဆိုဘာမှ မသိပေ။ သူ သိသည့် တစ်ခုတည်းသော အရာမှာ ထိုလူ ဖန်တီးပြီးနောက် စိတ်ကျေနပ်ပုံ မရသည့်အချက် ဖြစ်၏။ ထိုလူက တာ့ဟွမ်မှာ အလွန်ရုပ်ဆိုးနေသောကြောင့် အာကာပြင်ထဲ လွှင့်ပစ်လိုက်ခြင်း ဖြစ်၏။
အစပိုင်းတွင် မိုဝူကျီက ထိုအစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားကို လေးစားမိ၏။ သူက ဤသို့မျိုးအားကောင်းသည့် အင်မော်တယ်အရုပ်မျိုးကို အလွယ်တကူ ဖန်တီးနိုင်ပေသည်။ ထိုအမျိုးသားက စိတ်မကျေနပ်ရုံမျှလောက်ဖြင့် တာ့ဟွမ်ကို အာကာပြင်ထဲ လွှင့်ပစ်လိုက်သည်ကို ကြားသောအခါ မိုဝူကျီ၏ အထင်ကြီးလေးစားမှုမှာ အနည်းငယ် လျော့ကျသွားလေ၏။
အကယ်၍ တာ့ဟွမ်က သာမာန်အင်မော်တယ်အရုပ် ဖြစ်နေလျှင် ထားလိုက်ပါတော့ …..
သို့သော် အဓိကအချက်မှာ တာ့ဟွမ်၌ လူလုပ်ပစ္စည်း စိတ်ဝိညာဉ် ရှိနေသည် မဟုတ်ပါလော။ ဆိုလိုသည်မှာ အသက်ဘဝ ဖြစ်တည်လာဖို့ရာ ဖြစ်နိုင်ချေ ရှိပေသည်။ ထိုသို့မျိုး အရုပ်မျိုးကို လွှင့်ပစ်လိုက်ဖို့ရာ မိုဝူကျီ ကိုင်တွယ်သည့် ပုံစံနှင့် အမှန်တကယ် ကွာခြားလွန်းပေသည်။