အခန်း (၆၀၆) : ကျော့ဖျင်အန်း၏ လျို့ဝှက်ချက်
“ ဆေးလုံးဆရာမိုရဲ့ အရည်အချင်းနဲ့ဆိုရင် အဆင့် ၇ ဆေးလုံး ဧကရာဇ် ဖြစ်လာဖို့ သိပ်မကြာဘူးဆိုတာ ယုံကြည်ပါတယ်။ ကျမရဲ့ တောင်းဆိုချက်က ဘောင်ကျော်နေမှန်း သိပါတယ်။ ကျမဆီမှာ အင်မော်တယ်ဘုရင် အသီး မရှိပေမဲ့ ဆေးလုံးဆရာမိုကို အကူအညီတောင်းချင်ပါသေးတယ်။
ဒါပေမဲ့လည်း ကျမမှာ ပြန်ပေးဖို့ ရှိပါတယ်။ ရှင့်ကို မဟာကင်းမဲ့ပင်လယ်နယ်ပယ်ရဲ့ လျို့ဝှက်ချက်ကို ပြောပြပေးနိုင်တယ်။ တကယ်လို့ သူတို့သာ အဲဒီနေရာကို သိရင် အင်မော်တယ် ဧကရာဇ်ကိုယ်တိုင်တောင် ရောက်လာပြီး တိုက်ခိုက်ကြလိမ့်မယ် ” ဟန်လုံက လေးလေးနက်နက် ပြောလိုက်သည်။
မိုဝူကျီက မထူးမခြားနား အမူအယာဖြင့် ဟန်လုံ၏ စကားများကို ဘာမှ မတုံ့ပြန်ပေ။ သူ့လက်တွင် ရှိစဉ် လျို့ဝှက်ချက်အဖြစ် ယူဆ၍ ရသော်လည်း သူ့လက်ထဲ မဟုတ်ပါက မသိရနိုင်ပေ။ ထို့ကြောင့် ဟန်လုံ၏ တောင်းဆိုမှုအကြောင်း သိပ်၍ စိတ်တက်ကြွမှု မရှိဘဲ သူမကို နှင်ထုတ်ချင်နေမိသည်။
ဟန်လုံက မိုဝူကျီ၏ မထူးမခြားနားမှုကို မြင်လိုက်ရသည်။ မိုဝူကျီက သူမကို နှင်မထုတ်ခင် သူမက မြန်မြန် ပြောလိုက်ရသည်
“ ဆေးလုံးဆရာမို …. အခု လက်ရှိ အင်မော်တယ်ဘုရင်အသီး တန်ဖိုးကို မသိဘူးမလား။ အင်မော်တယ်လောကမှာ အမည်မသိ အကြောင်းအရင်းတချိူ့ကြောင့် ကျင့်ကြံသူတွေ စိုက်ထားတဲ့ အင်မော်တယ်ဘုရင်အသီးတွေအားလုံး ညိုးနွမ်းသွားကြတယ်။
တောရိုင်း အင်မော်တယ် ဘုရင်အသီးတွေပဲ ကျန်ရစ်ကြတယ်။ ဒါပေမဲ့ တောရိုင်း အင်မော်တယ်ဘုရင်အသီးက ဘယ်လောက် ရှိမှာ မလို့လဲ …. အဲဒါတွေကို သိပြီးတော့ ရှင့်ဆီမှာ ရှိနေတဲ့ အင်မော်တယ်ဘုရင်အသီးတွေကို မျက်စိကျနေတဲ့လူတွေ အများကြီးပဲ ”“ ကျုပ်ကို သတိပေးဖို့ မလိုပါဘူး။ ကျုပ် အခြေအနေကို သေချာ သိပါတယ် ” မိုဝူကျီက မျက်မှောင်ကျုတ်ကာ ပြောလိုက်သည်။ သူက အင်မော်တယ်ဘုရင်အသီးတွေရှိကြောင်း မေ့လျော့နေခဲ့မိသည်။ အကယ်၍ သူသာ စောစောစီးစီး သတိရပါက ငြိမ်းချမ်းရေး ကျွန်းဆွယ်ဆီ ရောက်လာမည် မဟုတ်ပေ။