အခန်း (၅၃၁) : ကျုပ် မရွေ့ဘူး
“ အင်မော်တယ်ရောင်းရင်းမိုက အစီအရင် ဆရာတစ်ယောက် ဖြစ်နေမယ်လို့ ထင်မထားဘူး ” မိုဝူကျီက ချန်းကျူရှန်ကို သင်ခန်းစာပေးထားပြီးသည့် နောက်တွင် ချန်းကျူရှန်က ပြုံးကာ မိုဝူကျီအား အရင်ဦးဆုံး လာရောက်စကားပြောလေ၏။
မိုဝူကျီက စိတ်မပါ လက်မပါ ပြန်ဖြေလိုက်သည် “ ခင်ဗျား မထင်ထားတွေ အများကြီး ရှိသေးတယ် ”
မိုဝူကျီက ချန်းကျူရှန်လို လူမျိုးနှင့် မိတ်ဆွေ ဖြစ်ရန် စိတ်ကူးမရှိပေ။ အကြောင်းမှာ သူက မုရုန်ရှန်းယွီ၏ ခင်ပွန်းအစစ်အမှန် မဟုတ်သည့်အတွက် မုရုန်ရှန်းယွီကို ချစ်မြတ်နိုးခြင်း လုံးဝ မရှိပေ။ အကယ်၍ သူသာ ယန်းယဲ့ အစစ်အမှန် ဖြစ်ပြီး မုရုန်ရှန်းယွီကိုသာ တကယ် နှစ်သက်သည်ဟုဆိုလျှင် ချန်းကျူရှန်က မုရုန်ရှန်းယွီကို ဒဏ်ရာရထားစေသည့်အတွက် လက်သီးတစ်ချက်တော့ ပြန်တုံ့ပြန်မိလိမ့်မည်။
မိုဝူကျီနှင့် ရင်ဆိုင်သည့်အခါ ချန်းကျူရှန်က စိတ်မချမ်းမြေ့လျှင်ပင် ဘာမှ မလုပ်နိုင်ပေ။
အပြင်ဘက်ရှိ မြူများက အနည်းငယ် သံသယဝင်ဖို့ ကောင်းပေရာ မိုဝူကျီက အတွင်းပိုင်းမှ အန္တရာယ်များကို ခံစားမိနေသည်။ ခန်းမအတွင်း ကာကွယ်ရေး အစီအရင်ကို ခင်းကျင်းပြီးသည့်နောက် မိုဝူကျီ ပထမဆုံး လုပ်သည့်အရာမှာ သင့်တော်သည့် နေရာရှာ၍ နောက်ထပ် ကာကွယ်ရေး အစီအရင်အသေးလေး တစ်ခု ထပ်မံ ခင်းကျင်းလိုက်ခြင်း ဖြစ်ပေသည်။ ထိုကာကွယ်ရေး အစီအရင်အတွက်လည်း ဖုံးကွယ်ရေး အစီအရင် ခင်းကျင်းထားသေး၏။
ဤသို့သော အန္ဆရာယ်များပြားလှသည့် နေရာမျိုး၌ တောင့်ခံထားစရာ မလိုအပ်ပေ။
မိုဝူကျီက အစီအရင်ထဲ မဝင်ခင် နေရာတစ်ခုရှာကာ ကာကွယ်ရေး အစီအရင်နှင့် ဖုံးကွယ်ရေး အစီအရင် လုပ်ဆောင်လိုက်သည်ကို သတိပြုပြီးနောက် ကျန်လူများလည်း ထို့နည်းအတိုင်း လိုက်လုပ်ကြသည်။
ခန်းမ မှာ ကျယ်ဝန်းသော်လည်း လူနှစ်ရာကျော်က သူတို့ပိုင်နက် ကိုယ်စီ ရှာဖွေလိုက်ကြသည့်အခါ ထိုခန်းမ၏ နေရာလွတ်များမှာ အလျှင်အမြန် ကုန်သွားလေ၏။ ကျင့်ကြံဆင့်နိမ့်သူများမှာ သူတို့ကိုယ်သူတို့ ခန်းမ၏ အစီအရင် အဝင်ဝနှင့် နီးသည့်နေရာ၌သာ နေကြရသည်။