အခန်း (၆၉၁) : ဘေးကင်းနွယ်တောင်ထဲ၌ ဆူပူမှု
မယုံကြည်နိုင်စွာ ဖြစ်နေသည့် ဝေကျီတောက်ကို တစ်ချက် ကြည့်ကာ မိုဝူကျိက ရိုးရိုးရှင်းရှင်း ပြောလိုက်၏
“ ကျုပ်တို့တွေ အဲအကြောင်းကို နောက်မှ ပြောကြတာပေါ့။ ကျုပ် ဒီရောက်လာတဲ့ အကြောင်းက အင်မော်တယ်ရောင်းရင်းဝေ ပူးပေါင်းဖို့ပါ။ ကျုပ် ဒီနေရာကနေ အချိန်တစ်ခုလောက်အထိ မထွက်သွားနိုင်သေးဘူးဆိုတော့ ဓားအကျဉ်းထောင်ထဲမှာ ကျုပ် အချိန်တွေက ….. ”
မိုဝူကျိက ပြောချင်တာ မဆုံးလိုက်ခင် ဝေကျီတောက်က တုန်တုန်ယင်ယင်ဖြင့် ဖြတ်ပြောလိုက်လေ၏ “ ဂိုဏ်းချုပ်မို ပြောတာက နောင်ကျ ဒီဓားအကျဉ်းထောင်ကနေ ထွက်သွားနိုင်တယ်လား … ”
မိုဝူကျိက ဤနေရာမှ ထွက်သွားနိုင်၊ မသွားနိုင်ကို သေချာ မသိသေးသော်လည်း ဝေကျီတောက်အား အံ့ဩသင့်စေမည့် နည်းလမ်းများစွာ ရှိပေသည်
“ ဒီနေရာက ထွက်သွားဖို့ အစီအစဉ်တော့ မရေးဆွဲရသေးဘူး။ ဒါပေမဲ့ လုံးလုံး စိတ်ပူစရာ မရှိပါဘူး …. ကျုပ်သာ အလိုရှိရင် ဒီဓားကျဉ်းထောင်ကနေ ထွက်သွားနိုင်တယ်။ တခြားသူတွေ မသိတဲ့ နည်းလမ်းကို သုံးပြီး ကျုပ် ရအောင် ဝင်လာနိုင်တာပဲ မဟုတ်ဘူးလား …
ဒါပေမဲ့ အင်မော်တယ်ရောင်းရင်းဝေရဲ့ ဝိညာဉ်နဲ့ ကမ္ဘာဦးစိတ်ဝိညာဉ်က ဒဏ်ရာအပြင်းအထန် ရထားတယ်။ ကုသမှု မလုပ်ဘူးဆိုရင် ဘယ်တော့မှ ပြန်မကောင်းနိုင်တော့မှာကို စိုးရိမ်မိသား …. ”
“ ဂိုဏ်းချုပ်မိုက ဒီနေရာမှာ ရှိနေတဲ့ ဓားစွမ်းအင်တွေကြောင့် ဒဏ်ရာရသွားတဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ကုသပေးနိုင်တယ်လို့ ပြောတာလား ” ဝေကျီတောက်ကဲ့သို့ အင်မော်တယ် ဧကရာဇ်ပင် သူ့ကိုယ်ပိုင် စိတ်ခံစားချက်များကို မဖုံးကွယ်နိုင်တော့ပေ။
လက်ရှိ၌ သူက ဓားအဆောင်၏ ချုပ်ထိန်းမှုကို ခံနေရပြီး သူ့ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ဓားစွမ်းအင်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားလေ၏။ ပြောရမည်ဆိုလျှင် သူ့လက်ရှိ အင်အားမှာ သူ့နဂိုအခြေအနေ၏ ၀.၀၀၁ ရာခိုင်နှုန်းပင် မကျန်တော့ပေ။