အခန်း (၆၃၉) : ကောင်းကင်ချောက်ကမ်းပါးမြို့၏ ကပ်ဘေး
“ ဆေးလုံးဆရာမို ခဏနေပါဦး ” မိုဝူကျိ အဝင်ဝသို့ လျှောက်လှမ်းလာစဉ် အသံတစ်သံကို ကြားလိုက်ရ၏။
မိုဝူကျိက ရပ်ပြီး ကြည့်လိုက်သည့်အခါ အေးဆေးတည်ငြိမ်နေသော လွန်ချိုက်ကို မြင်လိုက်ရသည်။ လွန်ချိုက်ကို လေးစားမိသည်မှာ သူ့မာနများအား ခဝါချ၍ ကိုယ်လုပ်တော်အတွက် တောင်းဆိုပေးသောကြောင့် ဖြစ်သော်လည်း မိုဝူကျိက ကူညီပေးမည် မဟုတ်ပေ။ ရန်ကြွေးတချို့ဆိုလျင် မိုဝူကျိက ခွင့်လွတ်ပေးဦးမည် ဖြစ်သော်လည်း လွန်ချိုက်က သူ့လူများကို သတ်ပစ်ခဲ့ပြီး ချိန်စုယင်ကို ပျောက်ကွယ်သွားစေခဲ့သည်။ ထို့ကြောင့် မိုဝူကျိက လွန်ချိုက်နှင့် ကမ္ဘာ့ရန်ကြွေး ဖြစ်လာခြင်း ဖြစ်လာပေသည်။
လွန်ချိုက်၏ ခေါ်သံကို ကြားသည့်အခါ ကောင်းကင်ချောက်ကမ်းပါး ကန်တော်ကြီးအတွင်း ရှိနေသော လူများက စတင်၍ အာရုံစိုက်လာကြသည်။ အဓိက အကြောင်းအရင်းမှာ မိုဝူကျိ၏ လတ်တလော ထင်ပေါ်လာမှုနှင့်အတူ ကျော့ဖျင်အန်းက မိုဝူကျိ၏ သက်တော်စောင့် ဖြစ်လာသည့် အချက်များကြောင့် ဖြစ်၏။ အင်မော်တယ်လောက၌ ကောင်းကင်ဧကရာဇ်ပင် မဟာဧကရာဇ်အား သက်တော်စောင့် ခန့်အပ်ဖို့ရာ အရည်အချင်း မပြည့်မှီပေ။ အကယ်၍ ကောင်းကင်ဧကရာဇ်က မဟာဧကရာဇ်တစ်ယောက်ကို သက်တော်စောင့်အဖြစ် ခန့်အပ်နိုင်လျှင်ပင် ကျော့ဖျင်အန်းကိုတော့ ခန့်အပ်နိုင်မည် မဟုတ်ပေ။
“ ဆေးလုံးဆရာမိုက မလှည့်သာ၊ မစားသာတဲ့ အခြေအနေထဲ ရောက်နေတာကို သိပါတယ်။ အဲဒါကြောင့် ကျုပ်ကို တစ်ခါ ကူညီပေးမယ်ဆိုရင် ကျုပ် လွန်ချိုက်က ခင်ဗျားလိုအပ်တဲ့အချိန်တိုင်း ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးပါ့မယ်။
ဘာကိုပဲ တောင်းဆိုဆို ကျုပ် တတ်စွမ်းနိုင်တာ မှန်သမျှ တုံ့ဆိုင်းမနေဘဲ လုပ်ပေးပါ့မယ် ” လွန်ချိုက်က မိုဝူကျိဆီ လျှောက်လာရင်း လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မှာ ရှိစဉ်အခါက မိုဝူကျိအပေါ် သူ့ဒေါသများက ပေါက်ကွဲထွက်လာကာ သတ်ဖို့ရာပင် မစောင့်နိုင်တော့ပေ။ မိုဝူကျိက သူ့ကို ထွက်သွားရန် ပြောစဉ်အခါကလည်း သူကိုယ်တိုင် သတ်ပစ်မည်ဟု ကတိပေးခဲ့သေး၏။ သို့သော်လည်း အနှောင်အဖွဲ့ကင်းနန်းတော်ဆီ ပြန်ရောက်သည့်အခါ အရိုးပေါ် အရည်တင် ဖြစ်ကာ အသက်မနည်း ရှုနေရသည့် သူ့ရှန်းရှုကို မြင်သည့်အခါ ချက်ချင်းပင် နှလုံးသားများ နာကျင်ကာ နူးညံ့လာမိ၏။ သူ လုပ်နိုင်သည့်အရာမှာ မဟာဧကရာဇ်၏ အဆင့်အတန်း မာနများကို စွန့်ပစ်ပြီး မိုဝူကျိကို ဆက်လက် တောင်းဆိုရန်သာ ဖြစ်ပေသည်။