အခန်း (၆၄၆) : လျှပ်တစ်ပြက်အတွင်း မဟာကျီရှန်းအဆင့်
မိုဝူကျိက ရပ်တန့်လိုက်၏။ ဤတစ်ကြိမ်၌ သူ့ရှေ့တွင် အလောင်းနှစ်လောင်း ရှိနေသည်။ သူက ထိုအလောင်းများ သေဆုံးနေသည်မှာ မည်မျှ ကြာမြင့်နေသည်ကို မသိသော်လည်း အရိုးခေါင်းအတွင်းမှ မှိန်ဖျော့ဖျော့ ရွှေရောင်အလင်း ထွက်ပေါ်နေခြင်းက အာရုံဖမ်းစားနိုင်လွန်းပေသည်။
အလောင်းနှစ်လောင်းမှာ တစ်လောင်းနှင့် တစ်လောင်း ဆယ်ပေမျှ ကွာဝေးကာ ခန္ဓာကိုယ် အသားများ မရှိကြသလို ကမ္ဘာဦး စိတ်ဝိညာဉ်လည်း မရှိကြတော့ဘဲ တစ်ယောက်နှင့် တစ်ယောက် ရင်ဆိုင်တွေ့ခဲ့ဟန် ပေါ်နေ၏။
အလောင်းတစ်လောင်းပေါ် လည်ချောင်းမှ ဘယ်ဘက်ရင်ဘတ်အထိ ဧရာမ ပုဆိန်ကြီးတစ်လက် စိုက်နေ၏။ ပုဆိန်ကြီးက အရိုးအတွင်း နက်နက်ရှိုင်းရှိုင်း နှစ်ဝင်နေပြီး ပုဆိန်ပတ်လည်၌ သတ်ဖြတ်ငွေ့များလည်း ရှိနေသေးပေသည်။ နောက်ထပ် အလောင်းတစ်ခုပေါ်၌ ဝံပုလွေအစွယ် ကျိုင်းတစ်ခုမှာ ခန္ဓာဝမ်းဗိုက်အောက်ပိုင်းအတွင်း ဖောက်ဝင်ထားသလို ဖြစ်နေပြီး သတ်ဖြတ်ငွေ့များမှာလည်း တူညီလှစွာ တုန်လှုပ်ဖွယ် ကောင်းလှသည်။
လက်နက် နှစ်ခုလုံးမှာ အဆင့် ၉ အင်မော်တယ် ပစ္စည်းကို ကျော်လွန်သည့် လက်နက်များ ဖြစ်ကြ၏။ မိုဝူကျိက အသက်ပြင်းပြင်းရှုကာ ဤနေရာမျိုး၌ ဤသို့အခြေအနေမျိုးကို များစွာ ကြုံတွေ့ဖူးပြီးသား ဖြစ်ရာ ပုံမှန်အားဖြင့် အလောင်းကို ရှောင်ကွင်းသွားပြီး ထိုရတနာများအား ထိတွေ့မည် မဟုတ်ပေ။
သူက လက်ရှိအင်အား အနေအထားကို ကောင်းကောင်း သိထားပေ၏။ သူ အလိုရှိလျှင်ပင် မထိတွေ့နိုင်သေးပေ။ သူ အနီးကပ်သွားသည်နှင့် ထိုကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့များကြောင့် တစစီ ဖြစ်သွားပေလိမ့်မည်။
ဤတစ်ကြိမ်၌ မိုဝူကျိက တံ့တွေးမျိုချကာ ဝံပုလွေအစွယ် ကျိုင်း စိုက်နေသည့် အလောင်း လက်ချောင်းကို စိုက်ကြည့်လိုက်မိသည်။ ထိုအပေါ်တွင် အလွန်လက်ရာမြောက်သော လက်စွပ်တစ်ကွင်း ရှိနေပြီး မိုဝူကျိက ဤသို့မျိုး အဆင့်မြင့် ကျင့်ကြံသူ အပိုင် ဖြစ်သော လက်စွပ်အတွင်းမှ မည်သို့ အံ့ဖွယ်ပစ္စည်းများ ပါမည်ကို တွေးတောကြည့်နေမိသည်။