အခန်း (၅၃၈) : ခြိမ်းခြောက်မှု
တုံ့ဟွားလုံက ထိုအခါမှ သူ့ထောင့်နေရာလေးမှ ထွက်လာရဲတော့သည်။ သူ့ကျင့်ကြံဆင့်မှာ နိမ့်ကျနေပြီး အားကောင်းသော ကျင်းရှန်းအဆင့် ကျင့်ကြံသူ နှစ်ဦး ဝင်ရောက်လာသည့်အတွက် သူ့အနေဖြင့် ပုန်းနေရန်သာ တတ်နိုင်လေသည်။
“ ဒါက ဘာအဓိပ္ပါယ်လဲ ”
ဓားအမာရွတ်နှင့် ကျင့်ကြံသူက သူ့တွဲဖက် ဒဏ်ရာရသွားသည်ကို မြင်လိုက်၍ သူ့အမူအယာမှာ ပျက်ယွင်းလာပြီး မိုဝူကျီကို “ စီနီယာအစ်ကို” ဟုပင် မခေါ်ဝေါ်တော့ပေ။
“ ဖူး ” မိုဝူကျီက နောက်တစ်ချက် ရိုက်လွတ်လိုက်ပြန်သည်။ ဓားအမာရွတ်နှင့် ကျင့်ကြံသူလည်း အရိုက်ခံလိုက်ရပြီး သူ့မျက်နှာတစ်ဝက်မှာ ရှုံ့တွသွားကာ ဘယ်ဘက်အခြမ်းရှိ သွားတစ်ချောင်းမျှ မကျန်တော့ပေ။
“ မင်းတို့ ဗလာနတ္ထိကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းက အဲလောက် အံ့ဩစရာကောင်းတယ်လို့များ ထင်နေတာလား။ တကယ်လို့ ကျုပ်ဆေးစံအိမ်ကို ဖျက်စီးပစ်ရင် ကျုပ်ကိုလည်း ကျန်နေတဲ့ လူယုတ်မာ အနေနဲ့ပဲ ယူဆရမှာပဲ ” မိုဝူကျီက သူရိုက်လွတ်ထားသည့် ကျင့်ကြံသူ နှစ်ဦးဆီ လက်နောက်ပစ်ထားရင်း လျှောက်လှမ်းလာသည်။
“ စီနီယာ .. ဒီနေရာမှာ ဆေးစံအိမ်ဖွင့်နိုင်ဖို့ဆိုတာ သေချာပေါက် မရိုးရှင်းမှန်း သိပါတယ်။ ဒါပေမဲ့ နည်းနည်း အကျိုးသင့်အကြောင်းသင့် မဖြစ်သင့်ဘူးလား။
ကျုပ်တို့က စီနီယာရဲ့ ဆေးစံအိမ်ကို ဖျက်စီးတဲ့သူလည်း မဟုတ်ဘူး။ ကျုပ်တို့က တျန်းဂျီဂိုဏ်းရဲ့ လက်ကျန်တွေကို လိုက်ဖမ်းနေရုံပါ။ စီနီယာနဲ့ ဘာမှ မသက်ဆိုင်ပါဘူး ”
ဓားအမာရွတ်နှင့် ကျင့်ကြံသူက နည်းနည်း ဒေါသထွက်လာသည်။ သို့သော်လည်း သူက မိုဝူကျီအနေဖြင့် ဤနေရာတွင် လူမသတ်ရဲကြောင်း သိထား၏။
မိုဝူကျီက ကျိတ်ရယ်ကာ
“ ကျုပ်က အကျိုးအကြောင်း မသင့်တာလား။ တစ်ခု ပြောပြရဦးမယ်။ ကျုပ်ကလည်း တျန်းဂျီဂိုဏ်းကပဲ။ တကယ်လို့ သတ္တိရှိရင် လာဖျက်စီးကြည့်စမ်းပါ။