အခန်း (၅၂၀) : လာစမ်းပါ
သူက ထိုစကားလုံးများကို ပြောပြီးသည်နှင့် လက်ဖြန့်လိုက်သည့်အခါ သူ့လက်ထဲ၌ ဓားရှည်တစ်ချောင်း ပေါ်လာသည်။
ဘေးနားမှ ကျင့်ကြံသူများက အခြေအနေကို စောင့်ကြည့်နေကြသည်။ အားလုံးက မိုဝူကျီသည် ဟွမ်းရှုရန်ကို တမင်သရော်နေကြောင်း သိကြသည်။
ကြယ်အဆင့် ပါရမီရှင်များအတွက် အမြင့်ဆုံးအဆင့်မှာ ကြယ်ကိုးလုံးအဆင့်သာ ဖြစ်၍ ဘယ်အချိန်ကများ ကြယ်ဆယ်လုံးအဆင့် ပါရမီရှင် ပေါ်လာရမှာလဲ....
မိုဝူကျီက မထူးမခြားနား ထရပ်လိုက်သည်။ သူက တိုက်ခိုက်ရမည်ကို မကြောက်ပေ။
“ စီနီယာအစ်ကိုရှုရန် ခဏလေး နေပါဦး ” ဟွမ်းရှုရန်ကို အသံတစ်သံက တားဆီးလိုက်ပြီးနောက် ရှန်းမူချင် ဝင်ရောက်လာသည်။
“ အစ်ကိုမိုကို နှုတ်ဆက်ပါတယ် ” ရှန်းမူချင် ဝင်လာသည်နှင့် သူမက လက်နှစ်ဖက် ယှက်ကာ ပြုံးရင်း မိုဝူကျီကို နှုတ်ဆက်လိုက်သည်။
ထိုအပြုအမူမှာ လူအုပ်ကြီးကို ကြောင်အမ်းသွားစေသည်။ ထို့နောက် ရှန်းမူချင်က ဟွမ်းရှုရန်ဘက် လှည့်ကာ လက်နှစ်ဖက် ယှက်လျက်
“ စီနီယာအစ်ကိုရှုရန် .. ကျမကို ထောက်ထားပြီးတော့ တစ်ခြားနေရာမှာ ထိုင်ပေးလို့ ရမလား ”
ဟွမ်းရှုရန်၏ မျက်ခုံးတို့မှာ တွန့်ချိုးသွားပြီး သူ့လူသတ်ငွေ့များက ပိုသိသာလာသည်။ ရှန်းမူချင်က သူနှင့် အင်မော်တယ်နယ်မြေတူသားမျှသာ ဖြစ်ပြီး မျှောလွှင့်ဝတ်လွှာ အင်မော်တယ် တောင်ကြားက ဘာများ တတ်နိုင်မည်လဲ။ သူ ဟွမ်းရှုရန်က သူတို့မျက်နှာနှင့် ဂုဏ်သတင်းကို ထောက်ထားနေစရာ မလိုအပ်ပေ။ ထိုလူက မည်သူပင် ဖြစ်နေပါစေ ထိုလူကို နေရာဖယ်ထုတ်ပြီးသည်နှင့် အားလုံးက မေ့သွားလိမ့်မည်။
သူက ဘာမှ မပြောခင် ရှန်းမူချင်အသံက သူ့စိတ်ထဲ ဝင်ရောက်လာသည်
“ စီနီယာအစ်ကိုရှုရန် ... တာအိုရောင်းရင်းမိုရဲ့ နောက်ခံက သာမာန် မဟုတ်ဘူး။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က သူ့ဂျူနီယာညီလေးက အာကာပြင် စူးစိုက် ရတနာစံအိမ်ထဲမှာ အောင်းထျန်းချန်ကြောင့် ဒဏ်ရာရသွားခဲ့တာ။ အဲဒါနဲ့ သူက ရတနာစံအိမ်ရှေ့က ကျောက်ခြင်္သေ့ကိုတောင် အစိတ်စိတ်အမွှာမွှာ လုပ်ပစ်လိုက်တာ။