အခန်း (၆၆၁) : ဒီကိုယ်တော် စောင့်နေတာ ကြာလှပြီ
ဟန်ချင်းရုက မိုဝူကျိအား တုန်တုန်ယင်ယင်ဖြင့် လက်ညိုးထိုးလိုက်ပြီး
“ မိုဝူကျိ … ငါ စုံလုံးကန်းနေခဲ့တာဆိုတာ ဝန်ခံတယ်။ မင်းက ဒီလိုရက်စက်တဲ့လူ ဖြစ်နေလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး။ ကိုယ့်ကို လာကယ်ပေးတဲ့ သူကိုတောင် ပြန်သတ်လိုက်သေးတယ်။ မဟာခွန်ဗုဒ္ဓ မီးအိမ်ကို ယူရင် တော်ရောပေါ့ ။ အပြစ်ကင်းတဲ့ စုရှီကို ဘာလို့ သတ်ရတာလဲ … မဟာ ဧကရာဇ် လွန်ချိုက်နဲ့ ရန်ကြွေးရှိတာ ဟုတ်ပေမဲ့ သူ့ကိုယ်လုပ်တော်က အပြစ်ကင်းတယ်လေ။ ဘာလို့ သူမကို မကယ်ပေးရတာလဲ …. ”စကားလုံး တစ်လုံးချင်းစီက အပ်တစ်ချောင်းစီလို ဖြစ်နေပြီး မိုဝူကျိ၏ စိတ်နှလုံးသားထဲ စူးဝင်ကုန်သည်။
“ ဟုတ်တယ် အဲဒီလူမဆန်တဲ့ဟာကို သတ်ပစ်ကြစမ်း ..” ကျင့်ကြံသူရာချီက ဝိုင်းလာကာ အော်ပြောလိုက်ကြသည်။ လူများစွာက လွတ်မြောက်ရေး အဆောင်ပင် ပြင်ဆင်ထားကြသေး၏။ မိုဝူကျိတွင် ရတနာများစွာ ရှိသလို အံ့အားသင့်စရာ အင်မော်တယ်အရုပ်လည်း ရှိနေသေးသည် မဟုတ်ပါလော။ မိုဝူကျိက သူ့အရုပ်ကို ထုတ်လိုက်သည်နှင့် သူတို့ အလျှင်အမြန် ထွက်ပြေးနိုင်ရန် ပြင်ဆင်ထားခြင်း ဖြစ်၏။
မိုဝူကျိက မျက်မှောင်ကျုတ်လိုက်၏။ ဟန်ချင်းရုက သူ့အကျင့်စရိုက်ကို အထင်သေးရွံရှာနေမည်ဆိုလျှင်ပင် ဤသို့ ပြုမူမည် မဟုတ်ပေ။ သူမက သူ့ကို ထုတ်ဖော်လိုက်သည်ကပင် ထူးဆန်းနေပေ၏။ သို့သော် သူမက သူ့အား နှစ်ကြိမ် အော်ဟစ်ခဲ့ပေသည်။ လူများက ပြောင်းလဲတတ်သည်မှာ မှန်ကန်ပေသော်လည်း ဤမျှအထိ မပြောင်းလဲတတ်ကြပေ။
“ သတ်ပစ်ကြ …” မှော်ရတနာမှ အလင်းတန်း တစ်ချက်က မိုဝူကျိဆီ ပြေးဝင်လာသည်။ မျက်စိတစ်မှိတ်အတွင်း မိုဝူကျိက မြောက်မြားစွာသော တိုက်ခိုက်မှုများ၏ ပစ်မှတ် ဖြစ်သွားတော့သည်။
မိုဝူကျိက လက်တစ်ချက် ဝှေ့လိုက်ရုံဖြင့် လခြမ်းကွေးပုဆိန်လှံရှည်က ရောက်ရှိလာ၏။ သူ့စွမ်းအားစက်ကွင်းက သဘာဝစွမ်းအား ဝဲကတော့ ဖြစ်တည်လာပြီး သူ့ဆီ ရောက်ရှိလာသည့် တိုက်ခိုက်မှု ၉၀ ရာခိုင်နှုန်းလောက်ကို တားဆီးထားနိုင်လိုက်သည်။ အဆုံးမဲ့ ပုဆိန်လှံရှည် အလင်းတန်းများ ထွက်ပေါ်လာ၏။ ထိုလူများကို သူ သိသည်၊ မသိသည်က အရေးမပါပေ။ ထိုလူများက သူ့ကို သတ်ဖို့ရာ ကြိုးစားကြသောကြောင့် သူ့အနေနှင့် ဘာကိုများ တုံ့ဆိုင်းနေရမည်နည်း။ သူ့လက်ရှိအနေအထားဖြင့် သူ့၌ တုံ့ဆိုင်းနေရန် အခွင့်အရေး မရှိပေ။