အခန်း (၅၅၀) : တစ်ခါတည်းနဲ့ ထိပ်ရောက်သွားတဲ့ ရေသဘာဝ ယင်အင်မော်တယ်မြို့
ဟူကျန်းယွီက ပြိုင်ပွဲကို ဦးစီးပေးနေသော်လည်း သူက မိုဝူကျီ၏ သတင်းအချက်အလက်များကို ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ချုပ်ဆီ ပို့ကာ ထိုလူ၏ ဇစ်မြစ်အကြောင်း စုံစမ်းပေးရန် တောင်းဆိုပြီးပြီ ဖြစ်၏။
ဟူကျန်းယွီ၏ မြော်မြင်မှုဖြင့် မိုဝူကျီသည် မသေဆုံးသရွေ့ ဆေးလုံး ဧကရာဇ် တစ်ယောက် ဖြစ်လာမည်ကို မည်သို့ မသိဘဲ နေမည်နည်း။ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့၌ လူငယ်လူရွယ်များ လစ်ဟာနေပြီး ယခုအခါ ဟူကျန်းယွီက အနာဂတ်၏ ဆေးလုံး ဧကရာဇ် အလောင်းအလျာကို မြင်တွေ့လိုက်ရပြီ ဖြစ်ရာ မည်သို့ လက်လွတ်ပေးနိုင်မည်နည်း။
…..............
နောက်ထပ် နာမည် ၂၀၊ ၃၀ ပေါ်လာပြီးနောက် မိုဝူကျီ၏ နှလုံးသားလေးမှာ အနည်ထိုင်သွားပြီ ဖြစ်၏။ နာမည်ပေါ်လာသော ဆေးလုံးဆရာများကြား အားလုံးနီးပါးမှာ အဆင့် ၆ အင်မော်တယ်ဆေးလုံးများ ဖော်စပ်ခဲ့ကြပြီး သူတို့၏ ဆေးလုံး အောင်မြင်မှုနှုန်းမှာ အလွန်နိမ့်ကျနေကြောင်း သတိထားမိသွားသည်။
မျှခြေအားဖြင့် သူတို့က အလယ်အလတ် အဆင့် သို့မဟုတ် အဆင့်နိမ့် ဆေးလုံးမျှသာ ဖြစ်ကြသည်။ တစ်သုတ်လုံး အပြည့် ဖော်စပ်နိုင်သည့်အကြောင်းကို ပြောနေဖို့ရာ မလိုအပ်ပေ။ သူတို့အတွက် ဆေးလုံး တစ်သုတ်စာ၏ သုံးပုံတစ်ပုံစာ ရသည့် ကိစ္စမှာ ရှားပါးလွန်းနေပြီ ဖြစ်၏။ အဆင့် ၆ ဆေးလုံးကို ခက်ခက်ခဲခဲ ဖော်စပ်ကြသော ဆေးလုံးဆရာများသည် အဆင့်နိမ့် ဆေးလုံး ၂ လုံးမှ ၃ လုံးအထိသာ ရအောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။
မကြာခင် မိုဝူကျီက ဖုံးကွယ်နေသော အကြောင်းအရင်းကို နားလည်သွားပေ၏။ ထိုဆေးလုံးဆရာများ၏ စွမ်းဆောင်နိုင်စွမ်းကြောင့် မဟုတ်ဘဲ မီးတောက်ကြောင့် ဖြစ်နေသည်။
ဤနေရာရှိ မီးတောက်မှာ သူတို့စွမ်းဆောင်ရည်ကို ကန့်သတ်ထားပြီး နဂိုမူလက ခြောက်လုံး ဖော်စပ်နိုင်လျှင်ပင် ယခုအခါ မီးတောက်ကြောင့် ၁ လုံး၊ ၂ လုံးမျှသာ ဖော်စပ်နိုင်ပြီး ဆေးလုံး၏ အရည်အသွေးမှာလည်း အမှန်တကယ် လိုအပ်နေသေး၏။