အခန်း (၅၅၂)
ထို့နောက် အင်မော်တယ်မြို့များ၏ အဆင့်အတန်း တိုးမြင့်ခြင်း အခမ်းအနား ကျင်းပပြီး မိုဝူကျီက ထိုကိစ္စကို တစ်ခုမှ စိတ်မဝင်စားပေ။ သူက ရေသဘာဝ ယင်အင်မော်တယ်မြို့ကို ကိုယ်စားပြု ယှဉ်ပြိုင်ပေးနေသော်လည်း လက်တွေ့၌ သူက မြို့စား ဝမ်ဟို့ကိုပင် မသိပေ။ သူက ဝမ်လျန်ရှီး၏ ရေသဘာဝ ယင်အင်မော်တယ်မြို့ကို အဆင့်တက်အောင် ကူညီလိုက်ခြင်းမှာ ကိစ္စအသေးလေးသာ ဖြစ်၏။
မိုဝူကျီအတွက် ထိုကိစ္စမှာ သူမကို ကျေးဇူးကြွေး ပြန်ဆပ်ခြင်းသာ ဖြစ်ပြီး တခြားဘာမှ မဟုတ်ပေ။
ဤအခမ်းအနားမှာ အခမ်းအနား အမြောက်များ၊ လက်ခုပ်သံများဖြင့် အဆုံးသတ်သွားလေ၏။ ထို့နောက် မိုဝူကျီက ပြိုင်ပွဲနေရာမှ ချက်ချင်း ထွက်လာလိုက်သည်။ အဝေးမှ လင်းဂူကို လက်ဝေ့ပြလိုက်ပြီး သူမအား တည်းခိုဆောင် အရင်ပြန်ရန် အမူအယာ ပြလိုက်သည်။
သူနှင့် စကားပြောလိုသော မြို့စားများ၊ ဆေးလုံးဆရာများ သတိမပြုမိခင် မိုဝူကျီက နေရာမှ ထွက်သွားလိုက်သည်။
ယွင်ရှန့်တောင်ကြားသို့ ဝင်ရန် သုံးရက် လိုသေးပေသည်။ ဤရက်ပိုင်းလေးအတွင်း သူက လင်းဂူနှင့် ယုံရင်အင်မော်တယ်နယ်မြေမှ မည်သို့ ထွက်သွားရမည်ကို ဆွေးနွေးကြည့်ရမည်။
သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဂုဏ်ထူးဆောင် အကြီးအကဲ ဖြစ်သော်လည်း ယုံရင်အင်မော်တယ်နယ်မြေမှ ထွက်သွားပြီး အာကာပြင်ထဲ ရောက်သွားသည်နှင့် မည်သူက သူ့ကို သိမည်နည်း။
ထိုစဉ် လူတွေက သူ့ပိုင်ဆိုင်သော ထိပ်တန်းဆေးပင်များ ဒါမှမဟုတ် ဆေးလုံးဆရာ ဟူသော လုပ်ဆောင်ချက်ကိုသာ ဂရုစိုက်ကြလိမ့်မည်။
.................…
ယွဲ့ကွေ့တည်းခိုဆောင်
မိုဝူကျီက အပေါ်သို့ မတက်ခင် လူနှစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။
တစ်ယောက်မှာ မျက်လုံးမှေးမှေး ရှိပြီး ကြည့်ရသည်မှာ ကမ္ဘာကြီးကို ဂရုမစိုက်သည့်အလား ဖြစ်၏။ နောက်တစ်ယောက်တွင် အေးစက်စက် မျက်ဝန်းများ ရှိကာ မာနကြီးသည့်ရုပ် ဖြစ်၏။