အခန်း (570)

1K 185 12
                                    

အခန်း  (၅၇၀)

ကျင့်ကြံခြင်းလောက၌  ဘာသာစကား ကွဲပြားမှု ရှိလျှင် ဘာသာစကား ကျောက်စိမ်းပေလွှာ ဝယ်ရုံသာ လိုအပ်ပြီး အသက်ရှုကြိမ် အနည်းငယ်အတွင်း သူက ဘာသာစကားအကြောင်း အားလုံးကို  သင်ယူနိုင်လိမ့်မည်။ သို့သော်လည်း ဤနေရာတွင် မဖြစ်နိုင်ချေ။  စိတ်စွမ်းအား ကျောက်စိမ်းပေလွှာကဲ့သို့ အရာမျိုး မရှိသည့် သာမာန်နေရာတစ်ခုသာ ဖြစ်၏။

မိုဝူကျီက စာအုပ်များ ပြည့်နေသည့် နေရာတစ်ခု ရှာပြီး  ဘာသာစကား သင်ယူရန် ဆုံးဖြတ်လိုက်သည်။ သူ့စွမ်းရည်များ ပျောက်ဆုံးသွားသော်လည်း သူက ရွမ်ရှန်းအဆင့် ဖြစ်နေသေး၏။ မစားမသောက်နေခြင်းက ပြဿနာ မဖြစ်လာနိုင်ပေ။

ထိုစဉ် ပွက်ပွက်ညံ့သည့် အသံများကို ကြားလိုက်ရသည်။ မိုဝူကျီက အသံထွက်ပေါ်လာရာဆီ မြန်မြန် သွားကြည့်လိုက်သည့်အခါ အံ့ဩမိသွားသည်။ စုတ်ပြတ်နေသည့် အဝတ်များကို ဝတ်ဆင်ထားသည့် အမျိုးသမီးကို လမ်းမထက်၌ ကားနှင့် တရွတ်တိုက် ဆွဲခေါ်သွားသောကြောင့် ဖြစ်သည်။

ထိုအမျိုးသမီးမှာ မေ့မြောနေပြီ ဖြစ်ရာ လမ်းမ၏ ကြမ်းတမ်းသော အနေအထားကြောင့် သူမခန္ဓာ၌ ဒဏ်ရာများ ဆက်တိုက်ဆိုသလို ပေါ်လာသည်။ သူမက မိုဝူကျီထက် အခြေအနေ မကောင်းပေ။

“ အီ အီ ... ” မိုဝူကျီနောက်မှ အသံစူးစူး ထွက်ပေါ်လာ၍ လှည့်ကြည့်လိုက်သည့်အခါ ပိန်သေးသေး ပုံရိပ်လေးက အမျိုးသမီးကို တရွတ်တိုက် ဆွဲကာ မောင်းနှင်နေသော ကားဆီ ဒေါသတကြီး သွားလိုက်သည်။

မိုဝူကျီက တစ်ချက်ကြည့်ရုံဖြင့် ဤကောင်လေးမှာ သူ့ကို လက်မှတ်ဝယ်ပေးသည့် ကောင်လေး ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

မိုဝူကျီက ရှေ့မြန်မြန် တိုးကာ သွားလိုက်သည်။ သို့သော်လည်း သူက ကိုယ့်ဘာသာတောင် အနိုင်နိုင် ဖြစ်နေသည့်အတွက် သူများကို မကူညီနိုင်သေးပေ။

ထိုစဉ် ကောင်လေးက အမျိုးသမီးကို ဆွဲထားသော ကြိုးကို ဆုပ်ကိုင်ထားလေ၏။  ကားက ရပ်သွားသည်မှာ ကံကောင်းလှပေသည်။ ခံစားချက်အမူအယာ မထူးခြားသည့် အမျိုးသားတစ်ယောက်က ကားမှ ထွက်လာပြီးနောက် စစ်သားအချို့လည်း ရောက်ရှိလာသည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now