အခန်း (၅၂၄) : အန္တရာယ်များသော ပိုင်ချီထျန်း
မိုဝူကျီက တစ်ခုခု ပြန်မပြောလိုက်နိုင်ခင် သူ့အပေါ် လွှမ်းမိုးလာသည့် လူသတ်ငွေ့ကို ခံစားလိုက်ရသည်။ ပိုင်ချီထျန်းက တစ်လက်မမှ မရွေ့လျားသော်လည်း မိုဝူကျီက ရွေ့ပြောင်းစွမ်းရည် ထုတ်သုံးဖို့ရာ တုံ့ဆိုင်းမနေပေ။
ရွေ့ပြောင်းစွမ်းရည်မှာ သူ့လျို့ဝှက်ကတ်များအနက် တစ်ခု ဖြစ်ပေသည်။ ထိုစဉ် သူတို့က မတိုက်ခိုက်ရသေးသော်လည်း မိုဝူကျီက အသုံးပြုလိုက်ရလေပြီ။ အကြောင်းမှာ သူက အန္တရာယ် အာရုံခံနိုင်စွမ်း မြင့်မား၍ ဖြစ်သည်။
မိုဝူကျီ ရွေ့ပြောင်းစွမ်းရည် ထုတ်သုံးလိုက်သည့် အခိုက်အတန့်၌ မီးခိုရောင်အလင်းတန်း တစ်ချက် ရောက်ရှိလာပြီး ပျောက်ကွယ်လုစ ဖြစ်နေသည့် မိုဝူကျီ၏ ပုံရိပ်ကို နှစ်ပိုင်း ပိုင်းပစ်လိုက်လေသည်။
မိုဝူကျီ စိတ်ထဲ တုန်လှုပ်မိသွားသည်။ သူက မနီးမဝေးမှ သားရဲနှင့် တူသည့် ထူးထူးဆန်းဆန်း အရာကို တွေ့မြင်လိုက်ရသည်။ ဤသားရဲ၏ ဦးခေါင်းမှာ တြိဂံ ပုံသဏ္ဍာန် ဖြစ်ကာ မြွေနှင့် တူပေသည်။ ပို၍ ထူးခြားသည့် အချက်မှာ သူ့ဦးခေါင်းထက်၌ သရဖူကဲ့သို့ မီတာ အတော်ရှည်လျားသည့် ဓားသွား ပါရှိနေသည်။
မိုဝူကျီက သူမြင်မိသည်မှာ မမှားယွင်းကြောင်း သေချာနေသည်။ ဓားသွားသရဖူ တစ်ခု ဖြစ်၏။
သူက ထိုဓားသွား သရဖူဆီ စိတ်စွမ်းအား ပို့လွတ်လိုက်သည့်အခါ အေးစက်စက် လူသတ်ငွေ့နှင့်အတူ ခြိမ်းခြောက်အန္တရာယ်ပေးနိင်သည့် အငွေ့အသက်များကို ခံစားမိလိုက်သည်။
ထိုသားရဲမှာ အကြမ်းဖျင်းအားဖြင့် တစ်မီတာခွဲမျှ ရှည်လျား၏။ တစ်ကိုယ်လုံးမှာ မီးခိုရောင်သမ်းနေသည်။ တြိဂံ သဏ္ဍာန် ဦးခေါင်းနှင့် ဓားသွား တို့ ရှိသည့်အပြင် နံရိုးသုံးချောင်းသာ ရှိလေ၏။
ထိုလူက သူ့အား လုပ်ကြံဖို့ရာ ကြိုးစားခဲ့ပေသည်။ သူက နောက်ဆုံးအချိန်လေးမှ သတိထားမိခဲ့သည်။ အကယ်၍ သူ့ရွေ့ပြောင်းစွမ်းရည်ကြောင့်သာ မဟုတ်လျှင် ခံစားသိရှိလျှင်ပင် ထိုသားရဲ၏ တိုက်ခိုက်မှုကို ခံနေရလောက်လေ၏။