အခန်း (၅၄၆) : ယောက္ခမကြီးက သားမက်လေးအား လာကြည့်ခြင်း
ဆေးလုံးဆရာထောင်ချီကြားထဲ၌ မိုဝူကျီက မထင်မရှား ဖြစ်နေလေ၏။ သူက ဆေးမီးဖိုမှ သင်္ကတများကို ပြင်ဆင်ပြီးသွားသောကြောင့် အဆင့် ၆ အင်မော်တယ် ပစ္စည်းတစ်ခု ဖြစ်လာသော်လည်း ဆေးလုံးဆရာများစွာကြား၌ သာမာန်မျှသာ ဖြစ်နေသည်။ ဤနေရာရှိ ဆေးလုံးဆရာ သုံးထောင်နီးပါးမှာ ဆေးလုံးဘုရင်များ ဖြစ်ကြသည်။
အင်မော်တယ်နယ်မြေ ခုနှစ်ခုလုံးနှင့် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၌ ဆေးလုံး ဧကရာဇ် အနည်းငယ်သာ ရှိသည့်အတွက် နှမြောတသ ဖြစ်နေစရာ မလိုအပ်ပေ။ အင်မော်တယ်မြို့များ၌ အဆင့် ၄ နှင့် အဆင့် ၅ ဆေးလုံးဘုရင်များမှာ အထောက်အပံ့ကြီးများ ဖြစ်၏။ ဤတစ်ကြိမ် ယုံရင်အင်မော်တယ်နယ်မြေ၏ ဆေးပညာပြိုင်ပွဲ၌ ဆေးလုံးတာအို အင်မော်တယ်မဟာမိတ်အဖွဲ့ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ပါဝင်ကြသော ဆေးလုံးဘုရင်များ အဆင့်အတန်းမှာ ပိုမို မြင့်မားလာခဲ့ပြီး အဆင့် ၆ ဆေးလုံးဘုရင်များပါ ပါရှိလေသည်။
နောက်အမွေးတိုင်တစ်တိုင်စာကြာချိန်နောက်၌ ဟူကျန်းယွီက စင်မြင့်ရှေ့ ပြန်ထွက်လာကာ ကျယ်လောင်စွာ ကြေညာလိုက်သည်
“ ပထမစစ်ဆေးမှု ပြီးဆုံးသွားပါပြီ။ ဆေးလုံးဆရာအားလုံး ရှေ့မှာ ရှိနေတဲ့ ရွေ့ပြောင်းအစီအရင်ထဲ ကျောက်စိမ်းပုလင်း ထားပေးကြပါ။ ရွေ့ပြောင်းအစီအရင်က ခင်ဗျားတို့ရဲ့ ဆေးအဆီအနှစ်တွေကို အဆင့်ခွဲပေးတဲ့ အစီအရင်ထဲ ပို့ပေးလိုက်တာနဲ့ ရလဒ်က ပြသရေး ပိတ်ကားချပ်မှာ ထွက်ပေါ်လာပါလိမ့်မယ်။
တကယ်လို့ အရင်တုန်းက လုပ်ထားတဲ့ ဆေးအဆီအနှစ်ကို သုံးထားတယ်ဆိုရင် အမှတ် အပေးခံရမှာ မဟုတ်ဘဲနဲ့ ချက်ချင်း အဖြုတ်ခံရမှာပါ
နာမည်တွေက ညာဘက်အောက်ခြေကနေ စပေါ်လာလိမ့်မယ်။ နာမည်တွေ ပေါ်လာတာနဲ့ ထိပ်ဆုံး ၃၀၀ ထဲ မဝင်တဲ့သူတွေနဲ့ နေရာ တစ်နေရာ မရတဲ့သူတွေက ဒီပြိုင်ပွဲနေရာကနေ ထွက်သွားကြရမယ်”
ဟူကျန်းယွီက ကြေညာပြီးသည်နှင့် တည်နေရာ ရွေ့ပြောင်းအစီအရင်တစ်ခုက မိုဝူကျီရှေ့ ပေါ်လာလေ၏။ မိုဝူကျီက ကျောက်စိမ်းပုလင်းကို ရွေ့ပြောင်းအစီအရင်ထဲ ထည့်လိုက်ပြီး သက်ပြင်းချမိလိုက်သည်။ တစ်ယောက်ချင်းစီ၏ ဆေးအဆီအနှစ်ကို စစ်ဆေးရန် ထိုသို့နည်းလမ်းမျိုး အသုံးပြုခြင်းမှာ လိမ်လှည့်ဖို့ရာ အမှန်ခက်ခဲပေသည်။