လူသားသစ္စာ ၄၉ ပြီးပါပြီ
အခန်း (၆၈၂) : အကြံကြီးသော အမျိုးသမီး
“ ဒီအစည်းအဝေးကို ကျင်းပတဲ့ အကြောင်းအရင်းက အဲဒီလူက သူ့ရုပ်ကို ဖျက်ထားတာလည်း ဖြစ်နိုင်တယ် ဆိုပေမဲ့ သူ့ကျင့်ကြံခြင်း အငွေ့အသက်ကိုတော့ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့်မလို့ ကျုပ်တို့က ဒီအင်မော်တယ်ရောင်းရင်း လန်ယွီလင်းကို ကျေးဇူးတင်ရမှာပါပဲ။ သူမက အဲဒီကျင့်ကြံသူရဲ့ အငွေ့အသက်ကို ပြောပြပေးမဲ့သူပါ ”
တုံ့ရှန်းလေ့က ထိုအထိ ပြောပြီးနောက် သလင်းကျောက်ကို မြှောက်ကာ
“ ဒီသလင်းကျောက်ထဲမှာ ဖန်လင်းရဲ့ ကျင့်ကြံခြင်း အငွေ့အသက်တွေ ပါနေပါတယ်။ အားလုံး နာမည်ကိုတော့ မှတ်ထားဖို့ မလိုပါဘူး။ ဘယ်လိုဖြစ်ဖြစ် နာမည်က အတုနေမှာပါ။ ဒါပေမဲ့ သူက ဘယ်လောက် ရုပ်ဖျက်ဖျက် သူ့အငွေ့အသက်က ပြောင်းလဲသွားမှာ မဟုတ်ဘူး။
အခု အားလုံး စိတ်စွမ်းအား ပို့လွှတ်ပြီးတော့ အဲဒီအငွေ့အသက်ကို ပွားယူလိုက်ကြပါ။ အဲဒီလူရဲ့ အငွေ့အသက် ထွက်ပေါ်လာတာနဲ့ သူ ဘယ်လောက် ကြိုးစား ကြိုးစား ယုံရင် အင်မော်တယ်နယ်မြေကနေ ထွက်ပြေးနိုင်မှာ မဟုတ်ဘူးလို့ ကျုပ်တော့ ယုံတယ် ”အားလုံးက တုံ့ရှန်းလေ့ စကားများမှာ မှန်ကန်ကြောင်း သိကြသည်။ ကျင့်ကြံသူ တစ်ယောက်က ရုပ်ပြောင်းရုပ်လွဲ လုပ်နိုင်သော်လည်း သူ့အငွေ့အသက်များကို မပြောင်းလဲနိုင်ပေ။ သူ့တွင် အဆင့် ၇ နှင့်အထက် ရုပ်ပြောင်း ပစ္စည်းကို မပိုင်ဆိုင်သရွေ့ သို့မဟုတ် အဆင့် ၈ အသွင်ပြောင်းဆေးလုံးကို မပိုင်ဆိုင်သရွေ့ အခြေအနေတွင် ဖြစ်၏။ သို့သော်လည်း ယုံရင်အင်မော်တယ် နယ်မြေ တစ်ခုလုံး၌ အသွင်ပြောင်းဆေးလုံး အရေအတွက်မှာ လက်တစ်ဖက်စာပင် မပြည့်ပေ။ မဟာကျီရှန်းအဆင့် ကျင့်ကြံသူ၌ ထိုသို့ ရတနာ မည်သို့ ရှိမည်နည်း။ အဆင့် ၇ နှင့်အထက် ရုပ်ပြောင်းပစ္စည်း၏ တန်ဖိုးမှာ အသွင်ပြောင်းဆေးလုံးထက်ပင် ပို၍ တန်ဖိုးများပေသည်။
မိုဝူကျိက စိတ်စွမ်းအားဖြင့် တုံ့ရှန်းလေ့အား ထိန်းချုပ်ခံနေရတာလားဟု စစ်ဆေးကြည့်ချင်မိသည်။ ရေကန်အောက်မှ ထိုဝိညာဉ်က အရာအားလုံးကို ကြံဖန်ထားခြင်း ဖြစ်နေမလား သံသယဝင်မိလာသည်။ ထိုသူ၏ ရည်ရွယ်ချက်မှာ ကွန်ယက်နည်းလမ်းကို အသုံးပြုပြီး သူ့တည်နေရာကို သိရန် ဖြစ်၏။ ကံကောင်းသည်က မိုဝူကျိက စိတ်လက်မာန်ပါ လုပ်ဆောင်မှုကို ချိုးနှိမ်ထားလိုက်ပြီး ရေဓာတ် သဘာဝ အမြုတေနှင့် ရှေးဦးမူလရေကျောက်များမှာ သူ့ဆီ ရှိနေသည့်အတွက် ထိုမျှ စူးစမ်းနေစရာ မလိုတော့ပေ။