အခန်း (၆၁၀) : လွန်ချိုက် … ထွက်သွားစမ်း
မိုဝူကျီက စိတ်စွမ်းအားသုံး၍ မဟာကင်းမဲ့ပင်လယ်နယ်ပယ် မြေပုံကို ဦးနှောက်ထဲ စွဲမြဲနေရန် မှတ်သားထားလိုက်သည်။ မိုဝူကျီက ထိုအမျိုးသမီး၏ တည်နေရာပြ သလင်းကျောက်ကို ကြည့်ပြီး အံ့အားသင့်မိ၏။
သလင်းကျောက်ကို သိမ်းဆည်းပြီးနောက် မိုဝူကျီက စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းကာ ပြောလိုက်သည် “ထွက်သွားကြစမ်း … နောင် ကျုပ်နဲ့ ထပ်မတွေ့စေနဲ့ … ”
သူမက ဘေးပတ်လည် လေထု ပြေလျော့သွားသည်ကို ခံစားမိသည်နှင့် ကုံဝူယုက ချက်ချင်း ထွက်ပြေးလိုက်သည်။
ခွမ်းပန်ဟို့လည်း သူ့ဇနီးဖြစ်သူ ဘေးကင်းသည့်နေရာ ရောက်သွားမှန်း သေချာသည့်အခါမှ သက်ပြင်းချကာ မိုဝူကျီအား ပြန်ပြောလိုက်သည် “ မင်းကိုလည်း အတူတူ ပြောလိုက်မယ် …. နောင် ကျုပ်နဲ့ ထပ်မတွေ့စေနဲ့ ”
မကြာခင် ခွမ်းပန်ဟို့က သူ့ဇနီးဖြစ်သူနောက်မှ လိုက်ကာ မဟာကင်းမဲ့ပင်လယ်နယ်ပယ် အနက်ပိုင်းထဲ ဝင်သွားတော့သည်။
ဟန်လုံက အသက်ဝဝရှုလိုက်ပြီး မိုဝူကျီအား လေးစားစွာ ကြည့်လိုက်သည်။ သူမ မိုဝူကျီနှင့် ခရီးထွက်လာစဉ် သူမအနေဖြင့် မိုဝူကျီသည် သူမထက် အားနည်းကြောင်း ခံစားခဲ့ရပြီး သူမ သတင်းများအရ မိုဝူကျီမှာ ရွမ်ရှန်းအဆင့်မျှ ဖြစ်ပေသည်။
ယခု သူမက မိုဝူကျီမှာ ရွမ်ရှန်းအဆင့် မဟုတ်တော့ဘဲ မဟာယီရှန်းအဆင့် ရောက်နေမှန်း သိလိုက်ရသည်။ သူ့အင်အားမှာ မဟာလော့ရှန်းအဆင့်ထက် အားမနည်းပေ။ ထိုသို့ဆိုလျှင်ပင် မဟာလော့ရှန်းအဆင့် ကျင့်ကြံသူတိုင်းက ကုံဝူယုအား ထိန်းချုပ်ထားနိုင်သည်တော့ မဟုတ်ချေ။ အနည်းဆုံးတော့ ဟန်လုံကိုယ်တိုင်ပင် မလုပ်နိုင်သေးချေ။
“ ကျုပ် ပဲ့ထိန်းပေးပါ့မယ် …. ခင်ဗျားပြောတဲ့နေရာကို သွားကြစို့ ” ကုံဝူယုဆီမှ တည်နေရာပြ သလင်းကျောက်ကို ရရှိပြီးနောက် မိုဝူကျီက အတော်လေး ကျေနပ်နေမိသည်။ သူက အဆင့် ၇ အင်မော်တယ်ဆေးလုံး မဖော်စပ်နိုင်သေးသော်လည်း အတင်းကျပ်တော့ မလုပ်ပေ။