အခန်း (၅၃၄) : လေဆင့်ခေါ်ခြင်း
“ အစ်ကိုကြီးမို .... ကျုပ်တို့တွေ ဘယ်ကိုသွားနေတယ်ဆိုတာ ကျုပ်တော့ မသိတော့ဘူး။ ဒီလမ်းကြောင်းက မှန်ရဲ့လား ” ချန်းဟန်က သူ လုပ်နိုင်သည့်အရာများ မရှိတော့၍ မိုဝူကျီနောက်မှ အသာ လိုက်လာလေ၏။ သူက မြို့ပျက်အလယ် မည်သည့်နေရာ ဦးတည်နေမှန်း မသိသောကြောင့် မေးမြန်းလိုက်ခြင်း ဖြစ်၏။
“ ဒီနေရာက ထွက်သွားနိုင်မယ်လို့ ကျုပ်ဆီမှာ ယုံကြည်ချက် ရှိတယ် ... ကျုပ် နောက်သာ လိုက်ခဲ့ပါ ” မိုဝူကျီက ပြတ်ပြတ်သားသား ပြောလိုက်သည်။
မြူများက တခြားကျင့်ကြံသူများအတွက် အတားအဆီး ဖြစ်နေနိုင်သော်လည်း မိုဝူကျီ၏ စိတ်ဝိညာဉ် မျက်လုံးအောက်တွင်မူ အသုံးမဝင်တော့ပေ။
ပုံမှန်အားဖြင့် ကျင့်ကြံသူများ၏ အော်သံများကို ဆက်တိုက်ကြားနေရပြီး ထိုအော်သံများမှာ ခဏသာ ကြာမြင့်လေသည်။
လေးနာရီအကြာတွင် မိုဝူကျီက ရပ်တန့်လိုက်သည်။ မိုဝူကျီ နောက်လိုက်နေသူမှာ ၁၂ ယောက်သာ ကျန်ရှိတော့ပြီး သူ ရပ်တန့်လိုက်သည့်အခါ ၁၂ ယောက်လုံးလည်း ရပ်လိုက်ကြသည်။ အားလုံးက မိုဝူကျီ လမ်းပျောက်သွားတဲ့အကြောင်း ပြောလာမည်ကို စိုးရိမ်နေကြသည်။
မိုဝူကျီက လမ်းပျောက်နေခြင်း မဟုတ်ဘဲ ခြေလှမ်းနည်းနည်း ဆက်လျှောက်လှမ်းလိုက်သည်နှင့် သူတို့အနေဖြင့် ဤမြို့ပျက်မှ ထွက်လာနိုင်တော့မည် ဖြစ်ကြောင်း ကောင်းကောင်း သိ၏။ သူ တွေဝေနေမိသည်မှာ မြေပြင်ပေါ် လဲကျနေသော ကျောက်ရုပ်တုကို တွေးမိသွားသောကြောင့် ဖြစ်သည်။ မိုဝူကျီက ကူညီပေးရုံသာမက လက်မောင်းကိုလည်း ပြန်ရှာပေးခဲ့သလို ကာကွယ်ရေး အစီအရင်လည်း ထားပေးခဲ့သေး၏။
လက်ရှိ၌ ရုပ်တုကို တင်ပေးခဲ့သည့် စင်မြင့်မှာ ရှိနေသေးသော်လည်း ရုပ်တုက ပျောက်ဆုံးသွား၍ ဖြစ်သည်။
မိုဝူကျီက တစ်ယောက်ယောက် လာယူသွားကြောင်း မယုံကြည်ပေ။ ထိုရုပ်တုမှာ သာမာန် ရုပ်တု ဖြစ်နေရုံသာမက သူ ထားပေးခဲ့သော ကာကွယ်ရေး အစီအရင်မှာ ပုံမပျက် ရှိနေသေးသောကြောင့် ဖြစ်သည်။ ရုပ်တု၏ စင်မြင့် နေရာ၌လည်း ခြေရာလက်ရာ မရှိနေပေ။