အခန်း (၅၉၈) : မိုဝူကျီကို သတ်ပစ်ရမယ်
ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်ရှိ အင်မော်တယ် ဝိညာဉ်စွမ်းအားများ သိပ်သည်းနေသော ဂူမှာ သူ့အလိုလို ပွင့်လာပြီး မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်လေး ထွက်လာသည်။ ထိုလူငယ်တွင် ထူးချွန်ထက်မြက်သည့် ကြင်အင်လက္ခဏာရှိပြီး ခန္ဓာကိုယ်ထောင်ထောင်မောင်းမောင်း မဟုတ်သော်ငြား ကျစ်ကျစ်လစ်လစ် ရှိလှသည်။
“ မဟာမိတ်အဖွဲ့ ခေါင်းဆောင် တံခါးပိတ် ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် ” လူငယ်လေး ထွက်လာသည်နှင့် ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ် ဆေးလုံးဆရာ ဆယ်ယောက်ကျော်က လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။ ထိုလူငယ်လေးမှာ ဆေးလုံးတာအိုအင်မော်တယ်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ရှောင်လီရှီ ဖြစ်ပြီး မဟာမိတ်အဖွဲ့၌ အဆင့်မြင့်ဆုံး လူတစ်ယောက် ဖြစ်လေသည်။ သူက ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့၏ အင်မော်တယ် ဧကရာဇ်တစ်ယောက်လည်း ဖြစ်ပေ၏။ အကယ်၍ သူ့စိတ်နှလုံးသားတစ်ခုလုံးကို ဆေးလုံးတာအိုအပေါ်၌ နှစ်မြှပ်မထားလျှင် အရည်အချင်း၊ နောက်ခံ ရှိသည့် သူ့လိုလူမျိုးမှာ ဟိုးစဉ်ကတည်းမှ မဟာအင်မော်တယ် ဧကရာဇ်အဆင့်ထဲ ရောက်နေလောက်လေပြီ။
ရှောင်လီရှီ၏ အမူအယာမှာ မပြောင်းမလဲ ရှိနေပြီး တည်တည်ငြိမ်ငြိမ်သာ ရှိနေသည်။ သူ့ခန္ဓာကိုယ်ပေါ်၌ ဖုန်မှုန့်တစ်စက်ပင် ရှိမနေချေ။ အကယ်၍ သူစိမ်းများက သူ့အား မြင်ပါက နှစ်ထောင်ချီ တံခါးပိတ် လေ့ကျင့်နေရာမှ ထွက်လာသည်ဟု မထင်လောက်ပေ။ ထို့အစား သူ့အိပ်ခန်းမှ ထလာသည်ဟုသာ ထင်မှားကြလိမ့်မည်။
“ အားလုံး ကျုပ်ကို ကြိုဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရင်ဆုံး ဆေးလုံးတာအိုခန်းမထဲ သွားကြတာပေါ့ ” ရှောင်လီရှီက လက်ကို မြှောက်ကာ ပျူပျူဌာဌာ ပြောလိုက်သည်။
ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့၏ အဆင့် ၇ ဆေးလုံးဧကရာဇ် ကုန်းယန်ရွယ်က ဆေးလုံးများအကြောင်း စွဲလမ်းလေရာ သူတို့ဆေးလုံးတာအိုခန်းမသို့ မရောက်ခင် သူက မနေနိုင်ဘဲ မေးလိုက်သည် “ မဟာမိတ်ခေါင်းဆောင် အဆင့် ၉ ဆေးလုံးဧကရာဇ်အဆင့် အတားအဆီးကို ကျော်ဖြတ်နိုင်သွားပြီလား ”