လူသားသစ္စာ ၄၀
အခန်း (၅၅၃)
“လျန်ရှီး .... ” ယန်ချင်လင်က သမီးဖြစ်သူကို တအံ့တဩ ကြည့်လိုက်မိသည်။
သူမ၏ သမီးက သေချင်နေတာများလား ....
ရေသဘာဝ ယင်အင်မော်တယ်မြို့က အဆင့်မြင့်မြို့အဖြစ် တိုးမြင့်ခံရတော့လည်း ဘာအရေးလဲ ..... ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့လိုမျိုး ကြီးမားသည့် အဖွဲ့နှင့် ထိပ်တိုက်တွေ့သည့်အခါ ဘာဆို ဘာမှ မဟုတ်တော့ပေ။
“ မေမေ ... ဉာဏ်ရှိတဲ့သူက ကိုယ်ပိုင် အန္တရာယ်ကိုလည်း ကြည့်ရတယ်ဆိုပေမဲ့ ကျေးဇူးတရား မေ့လျော့လို့လည်း မဖြစ်ဘူးဆိုတာ အမေပဲ ပြောပြဖူးတယ်လေ။ အစ်ကိုမိုသာ မရှိရင် သမီးတို့ရေသဘာဝ ယင်အင်မော်တယ်မြို့က လက်အောက်ခံမြို့ ဖြစ်လာလောက်ပြီ။ အဲလိုဆို အမေနဲ့ သမီး ဘာဖြစ်သွားမှာလဲ ” ဝမ်လျန်ရှီးက ယန်ချင်လင်ကို တည်ငြိမ်စွာ ကြည့်လိုက်ရင်း သူမအသံ၌ ဆုံးဖြတ်ချက် ပြတ်သားမှုများ ပါဝင်နေသည်။
ယန်ချင်လင်က တုန်လှုပ်သွားသော်လည်း ရှေ့တိုးလာကာ သမီးဖြစ်သူကို ဖက်ထားရင်း ပြောလိုက်သည်
“ လျန်ရှီး ... သမီးပြောတာ မှန်တယ် ”
သူမ၌ ဤသို့သမီးမျိုး ရှိသည့်အတွက် ဂုဏ်ယူရ၏။ သူမက အင်မော်တယ်လောက၌ စိတ်ပျက်စရာများ၊ မသတီစရာများ မြင်တွေ့ခဲ့ရသည်။ ရတနာများ သို့မဟုတ် သူတို့၏ တာအိုကြောင့် လူများစွာက သူတို့၏ မိတ်ဆွေများနှင့်ဆက်ဆံရေးများကို ကျောခိုင်းစွန့်ပစ်ကြကုန်သည်။ တစ်ဖက်တွင် ကျေးဇူးတရားအတွက် သမီးဖြစ်သူက ရေသဘာဝ ယင်အင်မော်တယ်မြို့ကိုပင် ထိုဝဲဂယက်ထဲ ဆွဲသွင်းဖို့ရာ ဆန္ဒရှိနေသည်။
တန်လျန့်က ဘေးမှ သက်ပြင်းချကာ
“ လျန်ရှီး ... သမီးက ဦးလေး သိသမျှထဲ အကြင်နာတတ်ဆုံး မိန်းကလေးပဲ။ သမီး ပြောတာ မှန်တယ်။ လူတစ်ယောက်က ကျေးဇူးတရားကိုမှ မသိရင် ဘယ်လိုလုပ် ကြီးမြတ်တဲ့ တာအိုကို ဆုပ်ကိုင်နိုင်မှာလဲ။ တကယ်လို့ ဆေးလုံးဆရာမိုက ယွင်ရှန့်တောင်ကြား နေရာကိစ္စကြောင့် ခြိမ်းခြောက်ခံရတယ်ဆိုရင် ကျုပ် တန်လျန့်လည်း သူ့ဖက်ကနေ ဝင်ပြောဖို့ လိုလားပါတယ် ”