အခန်း (၅၅၄)
“ ဆေးလုံး ဧကရာဇ်တွေကိုယ်တိုင် ကျုပ်နေရာအထိ လာတွေ့ရတာ ကျုပ် အမှားပါ။ တကယ်လို့ ကျုပ်လိုမျိုး သေးနုပ်တဲ့သူရဲ့ အကူအညီလိုအပ်ရင် လူလွတ်ပြီး ခေါ်ခိုင်းလိုက်ရောပေါ့။ ခင်ဗျားတို့လို အရေးကြီး ပုဂ္ဂိုလ် ကိုယ်တိုင် ဘာကြောင့်များ အလုပ်ရှုပ်စေရမှာလဲ ” မိုဝူကျီက အပြင်ပန်းတွင် စိတ်အားတက်ကြွသည့်ပုံ ပေါ်နေပြီး နှုတ်ဆက်လိုက်သည်။
မိုဝူကျီက ထိုသို့သာ ပြောလိုက်သော်လည်း အကယ်၍ ဤဆေးလုံး ဧကရာဇ်များက သူ့ကို စာတစ်စောင် ပို့၍ ဖိတ်ကြားမည်ဆိုလျှင် ထိုအရာကို မရှိသည့်အရာကဲ့သို့ သဘောထားမည် ဖြစ်၏။
သူက လက်ရှိ ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဘုရင် ဖြစ်နေသော်လည်း အချိန်ကျလာသည့်အခါ သေချာပေါက် သူတို့ကဲ့သို့ ဆေးလုံး ဧကရာဇ် ဖြစ်လာလိမ့်မည်။ ထို့အပြင် ဤဆေးလုံး ဧကရာဇ်များက သူ့လမ်းညွှန်မှု တောင်းခံရန် ရောက်လာသည့်အတွက် သူတို့ အဆင့်အတန်းမှာ ယန်ချင်လင်ထက် ပိုမြင့်မားသည်ဟု မတွေးထားပေ။
ယန်ချင်လင်က ဝမ်လျန်ရှီး၏ မိခင် ဖြစ်ပြီး ဝမ်လျန်ရှီးက သူ့အသက်ကို တစ်ကြိမ် ကယ်တင်ခဲ့ဖူးသည်။ ထို့အပြင် မိုဝူကျီက ဝမ်လျန်ရှီး၏ အကျင့်စရိုက်ကို အမှန်တကယ် လေးစား၍ ယန်ချင်လင်ကို စီနီယာဟုပင် ခေါ်ဆိုဖို့ရာ ဆန္ဒရှိပေသည်။
သို့သော်လည်း ဤဆေးလုံး ဧကရာဇ်များက သူ့ဆီမှ သင်ယူရန် ရောက်လာကြသည့်အတွက် သူ့အနေဖြင့် သူတို့ကို သူ့အား ဆရာဟု ပြန်ခေါ်ဆိုရန် မတောင်းဆိုခြင်းကပင် အတော်လေး ကြင်နာလွန်းနေပြီ ဖြစ်၏။ သူတို့အား စီနီယာဟု ခေါ်ဝေါ်ရန် မိုဝူကျီက အလိုမရှိသေးပေ။
“ဟားဟား .... အစ်ကိုမို .... ကျုပ်တို့လည်း ခင်ဗျားကို အကြီးအကဲလို့ မခေါ်တော့ဘူးလေ။ ခင်ဗျားလည်း ကျုပ်တို့ကို အရေးကြီး ပုဂ္ဂိုလ်တွေဆိုပြီး တွေးမနေပါနဲ့ ။ အဲဒါက ကျုပ်တို့ကို အလှမ်းဝေးသွားစေတယ်ဗျာ။ အားလုံး ညီအစ်ကိုလို့ပဲ ခေါ်ကြတာပေါ့။ အဲလိုဆိုရင် ဘယ်လိုလဲ ”
ကုန်းယန်ရွမ်က အတွေ့အကြုံအများဆုံး ဖြစ်၍ မိုဝူကျီက သူတို့ကို ယဉ်ကျေးစွာ ပြုမူနေသော်လည်း သူ့လေသံ၌ လေးစားမှုများ လစ်ဟာနေသည်ကို မည်သို့ သတိမပြုမိဘဲ နေမည်နည်း။