အခန်း (၅၉၉) : လျို့ဝှက်နဂါးတောင်ကြား
မိုဝူကျီက စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့သည်။ သူက ရုပ်ခန္ဓာ လေ့ကျင့်ခြင်းကိုလည်း ရပ်တန့်လိုက်သည်။ ပင်လယ်အောက်ခြေမှ အာကာသဂိတ်ပေါက်ထဲ ဝင်လာသည်မှာ တစ်နှစ်ပင် ရှိသွားပြီ ဖြစ်ရာ ဤနှစ်များအတွင်း သူက စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့် ၄ မှ အဆင့် ၉ အထိ ရောက်ရှိနိုင်ခဲ့၏။ ထိုအရာမှာ ကောင်းကင်ဘုံ သွေဖယ်နေသည့် နှုန်းပင် ဖြစ်ပေသည်။
ဤသို့မျိုး ပတ်ဝန်းကျင်၌ သူက ဆက်လေ့ကျင့်နေလျှင် အင်မော်တယ် ရုပ်ခန္ဓာအဆင့်ထိ ရောက်လာနိုင်မည် မဟုတ်ပေ။ ပထမဦးစွာ မသင့်တော်ခြင်းကြောင့် ဖြစ်ပြီး ဒုတိယအနေနှင့် စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့် တက်လှမ်းဖို့ရာ ရုပ်ခန္ဓာ လေ့ကျင့်ပေးနိုင်သည့် ထိပ်တန်း အင်မော်တယ်ဆေးပင်တချို့ ပြင်ဆင်ထားရန် လိုအပ်သေး၏။
ယခု သူ့ခန္ဓာကိုယ်မှာ စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့် ၉ ရောက်နေပြီ ဖြစ်ရာ သာမာန်အင်မော်တယ်ဘုရင်များထက် ပို၍ အားကောင်းနေပြီ ဖြစ်၏။ သိထားသင့်သည့်အချက်မှာ အင်မော်တယ်တချို့မှာ တစ်ဘဝလုံး စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့်နား ဝဲလည်လည် ဖြစ်နေခြင်း ဖြစ်၏။
“ ဘုန်း ” အားပြင်းသော စွမ်းအားလှိုင်းများက မိုဝူကျီကို အပါခေါ်ဆောင်သွားပြီး မာကြောသည့် နံရံနှင့် ပစ်ရိုက်လိုက်သလို ဖြစ်သွား၏။ စိတ်ဝိညာဉ် ရုပ်ခန္ဓာအဆင့် ၉ ခန္ဓာကိုယ်ပင် ထိုရိုက်ချက်ကြောင့် ကျိုးပဲ့လုမတတ် ဖြစ်သွားသည်။
မကြာခင် မိုဝူကျီက ဤနေရာမှာ လျို့ဝှက်နဂါးတောင်ကြား၏ အဆုံး ဖြစ်နိုင်ကြောင်း သတိပြုမိလိုက်သည်။
သူက ခန္ဓာကိုယ်ကို မြန်မြန် တည်ငြိမ်အောင် ထားလိုက်ပြီး သူ့စိတ်စွမ်းအားကို ထုတ်လွှင့်လိုက်သည့်အခါ အနက်ရောင်အကွင်းတစ်ခုကို အာရုံခံမိ၏။ သူက ဖြည်းဖြည်းချင်း ဆွဲချကြည့်လိုက်သည့်အခါ အက်ကွဲသံများ ဟိန်းကာ ဆက်တိုက် ထွက်ပေါ်လာသည်။
ထိုအသံများက မကျယ်လောင်သော်လည်း ပတ်ဝန်းကျင်၌ အင်မတန် တိတ်ဆိတ်နေသောကြောင့် နားစည်အထိ စူးရှနေ၏။