အခန်း (၆၄၀) : နေဝင်ဓားချက်
ကျော့ဖျင်အန်းက ကျောက်စိမ်းပုလင်းကို သေချာသိမ်းထားလိုက်ပြီး ခေါင်းမော့ကာ အသက်ပြင်းပြင်း ရှုလိုက်၏။ သူက လက်နှစ်ဖက် ယှက်ကာ လေးလေးစားစား ပြောလိုက်၏
“ ကျုပ် ကျော့ဖျင်အန်း မြင်ဖူးသလောက်အထဲ ဆေးလုံးဆရာမိုရဲ့ ဆေးဖော်စပ်တဲ့ အရည်အချင်းနဲ့ သဘောထားက အကောင်းဆုံးပါပဲ။ ကျုပ် အကောင်းဆုံး ပြန်လည် ပေးဆပ်ပါ့မယ်။ ကျုပ် ကျော့ဖျင်အန်းကို ဘာပဲ လုပ်ဖို့ ပြောပြာ ကျုပ် လုပ်ပေးမှာပါ ”မိုဝူကျိက ရယ်မောကာ
“ အင်မော်တယ်ရောင်းရင်းကို တစ်ခု တောင်းဆိုချင်တာက စုရှီကို သူ့ဘာသာ ကာကွယ်နိုင်တဲ့အချိန်တစ်ခုအထိ စောင့်ရှောက်ထားဖို့ တောင်းဆိုချင်တာပါ ”ကျော့ဖျင်အန်းက ရယ်မောလိုက်ပြီး
“ အဲဒါက ဘာမှ မဟုတ်ပါဘူး။ ကျုပ် ကျော့ဖျင်အန်းက သူမကို ဘာမှ အဖြစ်ခံမှာ မဟုတ်ဘူး။ ပြီးတော့ ဟောခွန်ဗုဒ္ဓမီးအိမ်ကိုလည်း ဘယ်သူဆီမှ အပါခံမှာ မဟုတ်ဘူး။ ပြီးတော့ အဆင့်မြင့် ကျင့်ကြံသူတွေ ဘယ်လောက် ရောက်လာလာ ခင်ဗျားကိုလည်း တစ်နှစ် ထပ်ကာကွယ်ပေးပါ့မယ်။ ခင်ဗျားကို နတ်ဘုရားမျှော်စင်ထဲ ဘေးကင်းကင်း ဝင်နိုင်ဖို့ ကူညီပေးမယ် ”မိုဝူကျိက ပြုံးကာ “ အင်မော်တယ်ရောင်းရင်းကို ကျေးဇူးတင်ပါတယ်။ ကျုပ်က ကောင်းကင်ချောက်ကမ်းပါးတည်းခိုဆောင်မှာ ဆက်မနေတော့ဘူး ”
မိုဝူကျိက စိတ်ကူးတည့်ရာ လျှောက်လုပ်နေခြင်း မဟုတ်ချေ။ ဤနေရာတွင် ဆက်နေနေခြင်းက သူနှင့်တခြားသူများပါ ထိခိုက်စေလိမ့်မည်။ လျှပ်စီးဂိုဏ်းနှင့် မဟာခွန်ဗုဒ္ဓဂိုဏ်းမှ အဆင့်မြင့် ကျင့်ကြံသူများ ရောက်လာပြီး လွန်ချိုက်၏ ထောက်ပံ့မှုနှင့် ပေါင်းလိုက်သည့်အခါ သူ့အနေနှင့် ဝရုန်းသုန်းကား ဖြစ်နေပေလိမ့်မည်။ ကျော့ဖျင်အန်းနှင့် စုရှီတို့ကိုလည်း ထိခိုက်စေလိမ့်မည်။
ကျော့ဖျင်အန်းက မိုဝူကျိအနေဖြင့် ကောင်းကင်ချောက်ကမ်း တည်းခိုဆောင်မှ ထွက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထွက်သွားလျှင်ပင် ကျော့ဖျင်အန်းက မိုဝူကျိကို ကာကွယ်ပေးနိုင်စွမ်း ရှိကြောင်း ယုံကြည်ထား၏။