အခန်း (၆၈၀) : အရေးပေါ် အင်မော်တယ်ဂိုဏ်း အစည်းအဝေးပွဲ
ယခုလက်ရှိ အင်မော်တယ်လောက၌ အင်မော်တယ် ဘုရင်ဆေးလုံးမှာ အလိုရှိဆုံး စာရင်းကြား ပါဝင်ပေ၏။ ထိုအရာမှာ မဟာလော့ရှန်း ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူကို အင်မော်တယ်ဘုရင်အဖြစ် တက်လှမ်းစေနိုင်သည့် အဆင့် ၇ ဆေးလုံး ဖြစ်လေရာ တစ်လုံးတည်းကပင် အတော်လေး အဖိုးတန်နေသည်။
သူမက ကျောက်စိမ်းပုလင်းကို ပြန်ပိတ်လိုက်ပြီး မိုဝူကျိအား စိုက်ကြည့်ကာ “ မင်း ဒီဆေးလုံးကို တကယ်ကြီး ကောက်ရလာတာပေါ့ ”
သူမ သံသယ ဝင်သည့်အတွက် အပြစ်မတင်သင့်ပေ။ မိုဝူကျိ၏ ဇာတ်ကြောင်းမှာ နည်းနည်း မယုံသင်္ကာ ဖြစ်ဖွယ် ကောင်းလွန်းနေသည် မဟုတ်ပါလော။ အင်မော်တယ် ဘုရင်ဆေးလုံးကို လမ်းဘေး၌ ကောက်ယူ၍ ရနေလျှင် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများ မှိုလို ပေါနေလောက်မည် ဖြစ်၏။ မိုဝူကျိက လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ဖြစ်ကြောင်း ပြောထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူ့ကို ခေါ်၍ ထိုအလောင်းကို သွားကြည့်လောက်မိသည်။
မဟာလော့ရှန်း ထိပ်ဆုံးအဆင့် ကျင့်ကြံသူအများစုက ဤဆေးလုံးကို ရှာမတွေ့နိုင်ကာ ဤကျင့်ကြံဆင့်၌ သောင်တင်နေကြသည်။ သူမ ပြောထားသည့်အတိုင်း ဖြစ်၏။ သူမတွင် အင်မော်တယ် ဘုရင်ဆေးလုံး ရှိနေလျှင် သူမအနေနှင့် အင်မော်တယ် ဘုရင်အဆင့် ရောက်ပြီးသည်မှာ ကြာမြင့်လောက်လေပြီ။
မိုဝူကျိက ရှောင်ရှောင်ယု၏ ရှုပ်ထွေးနေသည့် ပုံစံကို ကြည့်ကာ ပြောလိုက်၏ “ ဟုတ်တယ်လေ ဘာဖြစ်လို့လဲ။ ဒါမှမဟုတ် အင်မော်တယ်တွေ သုံးတဲ့ ဟာ မဟုတ်ဘူးလား ”
မိုဝူကျိက ရှောင်ရှောင်ယု တစ်ယောက် ကျင့်ကြံဆင့်နိမ့်၍ ဆက်တိုက် ဒဏ်ရာ ရနေသည့် မြင်ကွင်းအား မမြင်ချင်သည့်အတွက်ကြောင့် ထုတ်ပေးလိုက်ခြင်း ဖြစ်၏။ သူမသာ အင်မော်တယ် ဘုရင်အဆင့် ရောက်ရှိသွားလျှင် ထိုယန်ယွဲ့ရုန်ကိုလည်း သူ ဂရုစိုက်စရာ မလိုလောက်တော့ပေ။ အင်မော်တယ် ဘုရင်ဆေးလုံးမှာ တခြားလူများအတွက် အဖိုးတန်သော်လည်း အင်မော်တယ် ဘုရင် တာအိုအပင် ရှိနေသည့် သူလို အဆင့် ၈ ဆေးလုံးဧကရာဇ် တစ်ယောက်အနေနှင့် မပြောပလောက်ပေ။