Spoiler
လိုက်ပွဲ (47)
အခန်း (၆၄၂) : အာကာပြင် နိဗာနမြစ်ဥ
ဟန်လုံ၏ စာမှာ ရိုးရှင်းလှပေသည်။ သူမ ပြောထားသည်မှာ သူမ ဘိုးဘေး၏ အမွေအနှစ်များကို ရှင်းလင်းရင်း စာတစ်စောင် တွေ့ခဲ့ကြောင်း ရေးသားထားပြီး သူမ ဘိုးဘေးက သူမအား ထိုအကြောင်းအရင်းကို ဖတ်ရှုပြီးနောက် သက်ဆိုင်သည့်နေရာသို့ သွားရောက်ရန် အရာအားလုံးကို လက်လွှတ်ထားဖို့ မှာကြားထား၏။
ဟန်လုံအား ဤအကြောင်းအရာအား မိုဝူကျိဆီ စာရေးသား၍ ချန်ထားခဲ့သည်မှာ သူမအနေဖြင့် ကျော့ဖျင်အန်းကို မယုံ၍ ဖြစ်သည်။ ကျော့ဖျင်အန်းက သူမနောက်မှ လိုက်ပါလာမလား စိုးရိမ်မိနေ၍ ဖြစ်သည်။ မိုဝူကျိက ကျော့ဖျင်အန်းအနေဖြင့် ဤသို့အရာမျိုး မလုပ်သည်ကို သေချာနေသော်လည်း ဟန်လုံ၏ သတိကြီးကြီး အပြုအမူမှာလည်း မှန်ကန်ပေသည်။ ထို့အပြင် ဟန်လုံ၏ ဘိုးဘေးများမှာ အလွန်အံ့ဩဖို့ကောင်းသည့်သူများ ဖြစ်နေ၍ ဖြစ်၏။
ဆာကျန်း၏ သိုလှောင်လက်စွပ်ကို ပြန်လည် သန့်စင်ပြီးနောက် မိုဝူကျိက ပစ္စည်းကောင်းများကို သတိပြုမိလိုက်သည်။ ကျောက်ပြားတစ်ခုမှ လွဲ၍ ကျန်အရာများမှာ မိုဝူကျိ၏ အာရုံကို မဖမ်းစားနိုင်ပေ။
မိုဝူကျိက ကျောက်ပြားကို ယူကာ ကြည့်လိုက်သည့်အချိန် “ တျန်းဂျီ” ဟူသော စာလုံးနှစ်လုံး ပါရှိပေသည်။
ထိုကျောက်ပြားမှာ တျန်းဂျီဂိုဏ်းချုပ် ယွမ်ရီ ချန်ထားခဲ့သော တျန်းဂျီကျောက်ပြား မဟုတ်ချေ။ မိုဝူကျိ၏ ခန့်မှန်းချက်အရ ထိုအရာမှာ ဂိုဏ်းချုပ် ထားခဲ့သော ကျောက်ပြားအား နမူနာအတုခိုးကာ တုပထားခြင်းသာ ဖြစ်လိမ့်မည်။ ဆာကျန်းက တျန်းဂျီဂိုဏ်းကို သုတ်သင်ပြီး ဤကျောက်ပြား သိမ်းထားခဲ့သည့် အကြောင်းအရင်းမှာ တျန်းဂျီဇာစ်မြစ်အကြောင်း သတင်းများ ထွက်နေကြောင်း သက်သေပြနေခြင်း မဟုတ်ပါလော။
တျန်းဂျီဂိုဏ်း သုတ်သင်ခံလိုက်ရသည့် ကိစ္စမှာ အမြင်နှင့် ရိုးရှင်းသည့် ကိစ္စ မဟုတ်ပေ။
“ စုရှီ …. မဟာခွန်ဗုဒ္ဓ မီးအိမ်ကို သေချာထိန်းချုပ်ပြီးတော့ ငါ့နောက်ကို လိုက်ခဲ့ ” မိုဝူကျိက သိုလှောင်လက်စွပ်ကို ပြန်သိမ်းထားလိုက်ပြီး စုရှီဘက် လှည့်ပြောလိုက်သည်။