အခန်း (၆၈၈) : နမ်းပါ
“တကယ်လို့ ကျုပ်ကို အခုခေါ်သွားရင် အဲဒီအင်အားစု သုံးခုနဲ့ ရင်ဆိုင်ရမှာလား …” မိုဝူကျိက ချင့်ချင့်ချိန်ချိန် ပြောလိုက်သည်။ သူက ဟန်ချင်းရုကို ရှာတွေ့ဖို့ရာ အရေးကြီးနေသော်လည်း ဖေးလင်၏ လက်နက် မဖြစ်လာလိုပေ။
“ မဟုတ်ပါဘူး …. ခင်ဗျားရဲ့ အင်အားကို ပြလိုက်တာနဲ့ သူတို့က ဘာမှ လုပ်ရဲမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ တစ်ယောက်ယောက်ကို တိုက်ခိုက်တာက ပြန်ပေးဆပ်ရမဲ့ တန်ဖိုးကြီး …” ဖေးလင် စကားမဆုံးခင် သူ့မျက်လုံးများက အတင်းကျုံ့လာလေ၏။
မိုဝူကျိက ထိုစကားကို နားလည်လိုက်၏။ သူက အင်မော်တယ် သဘာဝစွမ်းအားများကို စုစည်းကာ လခြမ်းကွေး ပုဆိန်လှံရှည်ဖြင့် ဝေ့ယမ်းလိုက်သည်။ သူ့ခန္ဓာပေါ်ရှိ ဓားစွမ်းအင်မှာ အနည်းဆုံး တဆ တိုးလာ၏။
မိုဝူကျိက ဖေးလင်၏ မျက်နှာအမူအယာကို ကြည့်ရင်း ထိုလူက ထပ်၍ မတောင့်ခံနိုင်တော့မှန်း သိလိုက်သည် “ အဲဆို ဦးဆောင်သွား … ကျုပ် နောက်က လိုက်ခဲ့မယ် ”
“ဟုတ်ကဲ့ စီနီယာ …” ဖေးလင်က မိုဝူကျိအား ဂျုနီယာဟု မမြင်ပေ။ အကြောင်းမှာ ဤနေရာ၌ အားကောင်းသူကို စီနီယာအဖြစ် သတ်မှတ်ကြပြီး မိုဝူကျိက သူတို့ထဲမှ တစ်ယောက် ဖြစ်ပေသည်။
သူတို့ စတင်ပျံသန်းလာရင်း ဖေးလင်၏ မျက်လုံးမှ မချိတင်ကဲ ဝေဒနာမှာ သက်သာလာလေ၏။ စောစောလေးမှ သူ ခံစားနေရသော ဝေဒနာမှ သက်သာသွားဟန် ပေါ်သည်။
ဖေးလင်က လိမ်ညာနေခြင်း မဟုတ်ပေ။ နေ့ဝက်တာ ကြာပြီးနောက် နွယ်ပင်များ အမြောက်အများ ရှိနေသည့် နေရာတစ်ခုမှာ မျက်စိရှေ့ ပေါ်လာလေ၏။ ထိုထဲအတွင်း သစ်ပင်အမြစ်များစွာလည်း ရှိနေသည်။
နွယ်ပင်များမှာ စိမ်းစိမ်းစိုစို မရှိဘဲ မီးခိုးရောင် သမ်းကာ ရှင်သန်နေသည်။ မီးခိုးရောင် နွယ်ပင်များက ကန့်သတ်ချက်မဲ့စွာ ရှည်ထွက်နေလေ၏။ နွယ်ပင်များနှင့် အမြစ်များမှာ တွန့်လိမ်နေပြီး ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။