အခန်း (၆၉၉) : ကျုပ်တို့တွေ ဘေးကင်းနွယ်တောင်ကနေ ထွက်သွားချင်တယ်
ဝေကျီတောက်၏ မျက်နှာအမူအယာမှာ ပြောင်းလဲသွားလေ၏။ မိုဝူကျိက သူ့အား ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့ ရှေ့၌ အရှက်ခွဲခဲ့သည်။ သူက အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်ပြီး ဘေးကင်းနွယ်တောင်၌ သူ့အား မည်သူကမှ မစော်ကားရဲကြပေ။ သူက မိုဝူကျိကို တိုက်ခိုက်ရမလား စဉ်းစားလိုက်သော်လည်း သူ့အနေနှင့် ဓားစွမ်းအင်မြစ်မှ ဒဏ်ရာများမှာ အပြည့်အဝ ပြန်မကောင်းသေးပေ။
ဝေကျီတောက်က တွေးတောနေစဉ် ရှန့်ဟဲကောင်းက ပြောလိုက်၏ “ ဂိုဏ်းချုပ်မိုက ဆေးလုံးကို ထုတ်မပေးချင်မှတော့ ကျုပ်တို့တွေ ဒီမြေကို ပြန်သိမ်းကြတာပေါ့ ”
မိုဝူကျိက စိတ်ပျက်သွားမိသည်။ သူက ဝေကျီတောက်အား ရန်စလိုက်သည်မှာ သူ့အား တိုက်ခိုက်စေလို၍ ဖြစ်သည်။ ဝေကျီတောက်က လှုပ်ရှားသည်နှင့် ဖန်းဟုန်သည်လည်း ပါဝင်လာလိမ့်မည်။ ထိုအခါ သူ ခင်းကျင်းထားသော သေမင်း ထောင်ချောက်များနှင့် အစီအရင်များက အသက်ဝင်လာကာ ထိုလူများကို သတ်နိုင်ဖို့ အလွယ်တကူ ဖြစ်သွားလိမ့်မည်။
ရှန့်ဟဲကောင်းက ဝေကျီတောက် တွေဝေနေစဉ်အတွင်း တင်းမာမှုများကို ဖြေလျော့လိုက်သည်က နှမြောစရာ ကောင်းလှသည်။
“ သွားကြစို့ ” မိုဝူကျိက ဟန်ချင်းရု၊ ဖေးလင်တို့နှင့်အတူတူ တုံံ့ဆိုင်းခြင်းမရှိ ထွက်သွားလိုက်သည်။ ဝေကျီတောက်ကိုလည်း ထပ်မံ၍ ရန်စမနေတော့ပေ။
ဖန်းဟုန်တို့အဖွဲ့က ထိုသုံးယောက် ထွက်သွားသည်ကို ကြည့်ပြီး လိုက်ပါသွားခြင်း မရှိပေ။
သူတို့က မိုဝူကျိ အသက်ကို သူတို့စိတ်တိုင်းကျ အချိန်မရွေး နှုတ်ယူနိုင်ကြောင်း သိနေ၍ ဖြစ်သည်။ သူတို့တွင် ဓားစွမ်းအင်မြစ်ရေကို ပမာဏ များများ ခပ်နိုင်သည့် နည်းလမ်း ရှိနေပြီ မဟုတ်ပါလော။ ယခုအချိန် ဦးစားပေးမှာ သူတို့ဒဏ်ရာများကို ပြန်လည် ကုသပြီး အင်အားပြည့်လာသည့်အခါ မိုဝူကျိနှင့် ရင်ဆိုင်ဖို့ ဖြစ်၏။