အခန်း (၆၁၁) : ဟန်မျိုးနွယ်စု
မိုဝူကျီ စကားအဆုံးတွင် ဟန်လုံ လုပ်လိုက်သည့်အတိုင်း အတုခိုးဖို့ ကြိုးစားကာ လက်ကို မြှောက်ကာ ဖြတ်လှီးချလိုက်၏။ ထို့နောက် သူက သွေးစက်များ ချလိုက်သည်။
သို့သော်လည်း ဘာမှ ဖြစ်မလာပေ။ မိုဝူကျီက ထူးဆန်းစွာ ပြောလိုက်၏ “ ကျုပ်တို့ တိုက်ရမှာလို့တော့ လာမပြောနဲ့နော် … ”
ဟန်လုံက မြန်မြန် လက်ကာပြကာ “ မလိုပါဘူး … ဘာမှ တိုက်စရာ မလိုပါဘူး။ ကျမ လုပ်ပါ့မယ် ”
ထိုသို့ပြောပြီး ဟန်လုံက သွေးများ ထပ်ချလိုက်သည်။ ထိုစဉ် သူမ ပြောသည့်အတိုင်း သူတို့ရှေ့၌ လမ်းကြောင်းတစ်ခု ပေါ်လာသည်။ မိုဝူကျီ စိတ်စွမ်းအားဖြင့် မြင်သည့် တူညီသော လမ်းကြောင်း ဖြစ်၏။
“တာအိုရောင်းရင်းဟန်က ရှေးဟောင်းသွေးမျိုးဆက်လား ” မိုဝူကျီက ဟန်လုံအား ဇဝေဇဝါကြည့်ကာ မေးလိုက်သည်။
ဟန်လုံက ခေါင်းခါပြကာ “ ကျမလည်း မသိဘူး ။ ဒီအဆင့်အထိ ကျင့်ကြံလာနိုင်တာက သွေးမျိုးဆက်နဲ့တော့ ပတ်သတ်မှု မရှိဘူး ကျမကိုယ်တိုင် ကြိုးစားခဲ့ရတာ … ”
မိုဝူကျီက အနည်းငယ် နားမလည်သေးသော်လည်း ထပ်မမေးတော့ပေ။ နှစ်ယောက်သား လမ်းကြောင်းအဆုံးထိ သွားလိုက်ကြပြီးနောက် အင်မော်တယ်အရုပ်ကို မြင်လိုက်ကြရသည်။ အချိန်အတော်ကြာ မလှုပ်ရှားဘဲ ရှိနေရာ ဝိညာဉ်စွမ်းအားများမှာလည်း သိသိသသာသာ လျော့ပါးနေလေ၏။
အင်မော်တယ်အရုပ်နောက်၌ မှိန်ဖျော့ဖျော့ အင်မော်တယ် ဆေးဥယျာဉ်ပုံရိပ် အမှန်ပင် ရှိနေသည်။
“ ကျမက အစီအရင်အကြောင်း နည်းနည်း သိထားတယ်။ ကျမတို့တွေ ပေါင်းတိုက်ရင် ဒီအစီအရင်ကို ဖွင့်ဖို့ အနည်းဆုံး သုံးနှစ်တော့ လိုလိမ့်မယ် ” ဟန်လုံက အင်မော်တယ်အရုပ်နောက်မှ အစီအရင်ကို ညွှန်ပြကာ ပြောလိုက်သည်။
မိုဝူကျီက လက်ကာပြကာ “ အစီအရင်အတွက် စိုးရိမ်ဖို့ မလိုပါဘူး ။ အရင်ဆုံး အင်မော်တယ်အရုပ်ကို လေ့လာကြည့်လိုက်ဦးမယ် ”