လူသားသစ္စာ စာစဉ် (၄၂) စာမြည်း
အခန်း (၅၇၁)
လို့ယွဲ့ရွှမ်းကို အံ့ဩသွားစေသည်မှာ သူမ နောက်လိုက်လာသော ထိုလူများက သူမကို ကျော်သွားခြင်း ဖြစ်၏။ သူမက ထင်ထင်သာသာကြီး ရှိနေလျက်နှင့် သူတို့က သူမကို မမြင်သကဲ့သို့ ပြုမူသွားကြသည်။
နောက်ထပ် ဆယ်ရှိုက်စာလောက်အကြာတွင် ထိုလူများက အဝေးတစ်နေရာအထိ ရောက်နေပြီး သူမ ထွက်ပြေးသွားကြောင်း စိုးရိမ်နေကြဟန် ပေါ်သည်။
“ အစ်ကိုကြီးက လျို့ဝှက် လွတ်မြောက်ရေး အတတ်ပညာကို သိနေတာလား ” လို့ယွဲ့ရွှမ်းက မိုဝူကျီကို တအံ့တဩ ကြည့်လိုက်ပြီး သူမ အသံတွင် စိတ်လှုပ်ရှားမှု အနည်းငယ် ပါဝင်နေသည်။
သူမက မိုဝူကျီ တစ်ယောက် ကျောက်ခဲများ၊ တုတ်ချောင်းများ နေရာချနေသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရ၏။ ထို့ကြောင့်သာ သူမ နောက်မှ လိုက်လာသူများမှာ သူမကို မမြင်တွေ့တော့ခြင်း ဖြစ်ပေသည်။
လျို့ဝှက် လွတ်မြောက်ရေး အတတ်ပညာဆိုပါ့လား ....
မိုဝူကျီက ကမ္ဘာမြေရှိ ကိုယ်ပျောက် အတတ်ပညာကို တွေးမိလိုက်ပြီး ထိုနှစ်ခုမှာ ပုံစံဆင်နေလေသည်။ သို့သော် လက်တွေ့တွင် သူ လုပ်လိုက်သည်က ဖုံးကွယ်ရေး အစီအရင် ခင်းကျင်းလိုက်ရုံမျှ ဖြစ်၏။ ဤအစီအရင်တွင် ဝိညာဉ်စွမ်းအားများ မပါဝင်နေသောကြောင့် အားကောင်းသော ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင် အသုံးမဝင်ပေ။ သူ့အစီအရင်မှာ ကျောက်ခဲ၊ တုတ်များ နေရာချထားပြီး ခင်းကျင်းထားရုံမျှ ဖြစ်ကာ ထိုလူများ၏ အမြင်အာရုံကို လှည့်စားလိုက်ခြင်း ဖြစ်၏။ တခြားနည်းဖြင့်ဆိုရလျှင် အာရုံလွဲပြောင်းလဲစေသည့် နည်းစနစ်တစ်ခုသာ ဖြစ်သည်။
ကိုယ်ပျောက် အတတ်ပညာမှာလည်း အာရုံလွဲခြင်း နည်းစနစ်နှင့် ဆင်တူသော်လည်း ပို၍ အဆင့်မြင့်ပေသည်။
တရုတ်သမိုင်းကား အံ့ဖွယ်များနှင့် ပြည့်နှက်နေရာ ရှေးဟောင်းအချိန်တုန်းက မဟာဗျူဟာပညာရှင်တချို့က ရန်သူများကို ရင်ဆိုင်ရန် ကိုယ်ပျောက်အတတ်ပညာကို သုံးခဲ့ကြဖူးသည်။ ထိုလူများနွင် ကျန်းဇီယာ၊ ကျူးကောလျန့်တို့ အစရှိသဖြင့် ပါဝင်ကြသည်။ သို့သော် အမှန်တရားကို ပြောရလျှင် ဤကိုယ်ပျောက်အတတ်ပညာမှာ တာအိုမှော်ပညာ မဟုတ်ဘဲ အာရုံလွဲသည့် နည်းစနစ်တစ်ခုသာ ဖြစ်နေ၏။