အခန်း (၅၅၁) : ဆေးလုံးတာအို၌ ဟာကွက်
ဟန်ကျွင်းက ကုန်းယန်ရွမ်ထက် ပြိုင်ဖက်ကင်းဆေးလုံးများ များသည်ကိုသာ မကြည့်ပါနှင့်။ တကယ်တမ်းတွင် ထိပ်ဆုံး ဆေးလေးမျိုး၌ ဟန်ကျွင်း၏ ဟွမ်းကျောက်စိမ်းဆေးလုံးမှာ ဖော်စပ်ဖို့ရာ အလွယ်ကူဆုံးဟု ယူဆ၍ ရပေသည်။ တခြားသော ဆေးလုံးများ၏ ခက်ခဲမှုမှာ ဟွမ်းကျောက်စိမ်းဆေးလုံးထက် ပိုသာ၏။ ထို့ကြောင့် အစီအရင်က အမှတ်ပေးရာ၌ အတော်လေး မျှတလေသည်။
ဒုတိယ စစ်ဆေးမှု၏ ထိပ်ဆုံး ၅၀ ကို ကြေညာနေသည့်အချိန် ဟူကျန်းယွီထံ မိုဝူကျီ၏ ဇစ်မြစ်အကြောင်း သတင်းရောက်ရှိလာလေ၏။
ယုံရင်အင်မော်တယ်နယ်မြေ၏ ကျင့်ကြံသူ မိုဝူကျီ သည် မုရုန်ရှန်းယွီနှင့်အတူ စူးခရာအင်မော်တယ်မြို့ဟောင်းဆီ လိုက်ပါလာခဲ့သည်။ စူးခရာအင်မော်တယ်မြို့၏ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ခွဲ၌ ဆေးလုံးဘုံစစ်ဆေးမှုကို ခံယူပြီး ရက်ပိုင်လေးအတွင်း အမည်မသိ ဆေးလုံးဆရာမှ ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင်အဖြစ် ရောက်ရှိလာခြင်း ဖြစ်၏။
ဆေးလုံး ဧကရာဇ် နွန်ယုံ၏ အလေးထားမှုကြောင့် သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင် အကြီးအကဲ ရာထူးကို ရရှိလာလေသည်။ တစ်ချိန်တည်း၌ မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာအဖွဲ့ခွဲ၌ အကြီးအကဲ တစ်ယောက်အဖြစ် ခန့်အပ်ထားခြင်း ခံလိုက်ရသည်။
မိုရှင်းဟယ်က သေချာပေါက် မိုဝူကျီသာ ဖြစ်ရမည်။
ဟူကျန်းယွီက ထိုသတင်း ရလာသည့်အခါ အားရပါးရ ရယ်မောမတတ် ဖြစ်သွားလေ၏။ သူက စူးခရာအဖွဲ့ခွဲမှ ထိုသို့ ထူးချွန်လှသည့် ဆေးလုံးဆရာကို ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ဆီ ခေါ်ဆောင်လာပေးနိုင်သည့်အတွက် ဆုလာဘ်တချို့ ပေးသင့်သည်ဟု ခံစားမိလိုက်သည်။
ဆေးလုံး ဧကရာဇ် နွန်ယုံက အသက်အရွယ်ကြီးလာသည်နှင့် ပို၍ အမြင်စူးရှလာလေလေ ဖြစ်ကာ မိုဝူကျီ၏ အလားအလာကို မြင်ထားသည်။ သို့သော် မျှော်လင့်ထားသည့်အတိုင်း မိုဝူကျီက ငယ်ငယ်ရွယ်ရွယ်ဖြင့် ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် ဖြစ်နေသောကြောင့် သူ့အနေဖြင့် ရိုးရှင်းနေမှသာ ထူးဆန်းနေပေလိမ့်မည်။ ဆေးလုံး ဧကရာဇ်နွန်ယုံပင် မိုဝူကျီက ဤနှစ်ပိုင်လေးအတွင်း ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဘုရင်တင် မကတော့ဘဲ အဆင့် ၆ ဆေးလုံးဘုရင်အဆင့်ထိ ရောက်ရှိနေကြောင်း မသိပေ။