အခန်း (၅၉၆) : ပုံရိပ်ယောင်တောင်ဂိုဏ်းတစ်ခုလုံးအား အမြစ်ဖြတ် ဖြိုချခြင်း
“ အင်မော်တယ်လောကရဲ့ အင်မော်တယ်ဧကရာဇ်လွန်ချိုက်က စီနီယာရဲ့ ဆေးစံအိမ်ကို ဖျက်စီးပစ်ပြီးတော့ အထဲက လူတွေကိုတောင် သတ်ပစ်လိုက်တယ်လို့ ကြားထားတယ် ” ရှုသိုက်က မိုဝူကျီအား ထိုသတင်း ပြောပြလိုက်ရ၍ စိတ်သက်သာရာ ရသွားတော့သည်။
“ ဘာ ” မိုဝူကျီ၏ သတ်ဖြတ်ငွေ့များက လေထုအတွင်း ပျံနှံ့လာကာ သူ့စိတ်ထဲ၌ ဖော်မပြတတ်သည့် ဒေါသတရားများ ကြီးစိုးလာမိသည်။ သူက မဟာဧကရာဇ်လွန်ချိုက်နှင့် စကားပင် မပြောဖူးပေ။ ထိုလူက အဘယ်ကြောင့် သူ့အား ဤသို့ လုပ်ရသနည်း။
မိုဝူကျီ၏ အေးစက်စက် သတ်ဖြတ်ငွေ့များကို ခံစားမိပြီး မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ဖြစ်သည့် ရှုသိုက်ပင် နောက်ဆုတ်မိသွား၏။
ထိုအခါမှ မိုဝူကျီက သူ့ကိုယ်သူ တည်ငြိမ်အောင် ထားကာ အသံနှိမ့်၍ မေးလိုက်သည် “ အဲဒါ ဘယ်နေရာက ကြားတာလဲ။ အင်မော်တယ်လောကမှာ ဘယ်သူကမှ သူ့ကို မတားကြဘူးလား ”
သူက ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့၏ ဂုဏ်ထူးဆောင် အကြီးအကဲ တစ်ယောက် ဖြစ်ပေသည်။ လွန်ချိုက်က သူ့အား အတိုက်အခံပြုလျှင် ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့အနေနှင့် သူ့ဖက်မှ ရပ်တည်မပေးသင်ပေဘူးလား။
ရှုသိုက်က ဆက်ပြောလိုက်ကာ “ အဲဒါတော့ ကျမလည်း သေချာမသိဘူး။ စီနီယာက ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့က အကြီးအကဲတစ်ယောက်ဆိုတာနဲ့ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့က စီနီယာကို လက်လျော့ပြီးတော့ လွန်ချိုက်နဲ့ သဘောတူညီမျှ ရယူလိုက်တယ်ဆိုပြီး ကြားထားတယ် ”
“ ဂျွတ် ….” မိုဝူကျီက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ မိုဝူကျီက ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ကို ဝင်စဉ် ခိုလှုံခွင့်ရရန် ရည်ရွယ်ချက်ဖြင့် ဝင်ခဲ့ခြင်း ဖြစ်သော်လည်း သူက ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ကို အသိအမှတ်ပြုပေသည်။ အကယ်၍ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့မှ သူ့အကူအညီလိုအပ်လာလျှင် သူ့ဖက်မှ ကူညီပေးဖို့ရာ တွန့်ဆုတ်နေမည် မဟုတ်ပေ။