အခန်း (၅၃၉) : မိုဝူကျီ၏ စိတ်ပျက်မှု
ဤအခိုက်အတန့်၌ ရွှေရောင်ဆံပင်ပိုင်ရှင် မိန်းကလေးက သူမ၏ ရွေးချယ်မှုမှာ မှန်ကန်ကြောင်း နားလည်သွားပေ၏။ အကြီးအကဲမိုက တျန်းဂျီဂိုဏ်းဘက်မှ ဖြစ်ကြောင်း သိလိုက်သည်။ သူမက မြန်မြန် ဝင်ပြောလိုက်သည်
“ စီနီယာမို .... စီနီယာအစ်ကို ပြန့်ဟွေ့ယွီ နဲ့ စီနီယာအစ်မ စုရိုအာတို့ကို ဗလာနတ္ထိ ကြေးမုံ အင်မော်တယ်တာအိုရဲ့ ကုန်သည်အိမ်တော်မှာ ဖမ်းထားတယ် ”
မိုဝူကျီ မျက်ဝန်းမှာ အေးစက်လာပြီး ဖူကျန်းဆောင်ဘက် လှည့်ကာ
“ ခင်ဗျားကို အမွေးတိုင် တစ်ဝက်စာအချိန်ပေးမယ်။ တခြားလူနှစ်ယောက်ကို ထိခိုက်ဒဏ်ရာမရှိဘဲ ဒီခေါ်ခဲ့ .... ”
“ ဟုတ်ကဲ့ ” အကယ်၍ မိုဝူကျီသာ စောစောစီးစီး ပြောခဲ့မိလျှင် ဖူကျန်းဆောင်က ဟာသပြက်လုံးအဖြစ်သာ ယူဆမိပေလိမ့်မည်။ သို့သော်လည်း ဖူကျန်းဆောင်က ထိုအတွေးမျိုး မတွေးရဲတော့ပေ။ သူ့အမြင်အရ မိုဝူကျီ၏ စကားမှာ ရွေထက် အလုံးအထည် ရှိပေသည်။
သူက ဆက်သွယ်ရေး ပုတီးစေ့ကို ထုတ်ကာ သတင်းလှမ်းပို့လိုက်သည်။ ထို့နောက် ဘေးတွင် ရပ်ကာ ပြုံးလိုက်သည်။ သူက မကြောက်ဘဲ မနေနိုင်တော့ချေ။ အကယ်၍ မိုဝူကျီက ဂုဏ်ထူးဆောင် အကြီးအကဲ ဟုတ်မနေလျှင်ပင် ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင်အဆင့်တစ်ခုတည်းဖြင့် သူ့အား ထိပ်သီးဂိုဏ်းကို ဝင်စေနိုင်ရန် လုံလောက်ပေ၏။ ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင်တစ်ယောက်အတွက် ထိပ်သီးဂိုဏ်းအနေဖြင့် သူတို့ ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းကို ဖျက်စီးဖို့ဆိုတာ မဖြစ်နိုင်ခြင်း မဟုတ်ပေ။
“ အကြီးအကဲမို .... ကျုပ် ဒီတစ်ခါတော့ လူမှန်ဆီ ရောက်လာတာပဲ ” ထိုစဉ် တူကျူက ရှေ့ထွက်လာကာ လက်နှစ်ဖက် ဆုပ်ထားပြီး မိုဝူကျီကို အပြုံးများ ဝေဝေဆာအောင် ပြုံးပြရင်း ပြောလိုက်သည်။
“အစ်ကိုတူ ကျုပ်မှာ ကိစ္စလေးတွေ ရှိနေတာနဲ့နှောင့်နှေးနေတာ ... ဒါနဲ့ အစ်ကိုတူက တစ်ခုခုများ လိုအပ်လို့လား ” မိုဝူကျီ၏ အမူအယာမှာ ပို၍ ဖော်ရွေလာသည်။