အခန်း (၅၃၅) : စိတ်လှုပ်ရှားစေခြင်း
လေလွတ်မြောက်ရေး နည်းစနစ် တစ်ခုဖြင့် လေဆင့်ခေါ်နိုင်သည့် လျို့ဝှက်ပညာရပ်အဖြစ် အဆင့်ကဲ ဖြစ်ပေါ်လာစေနိုင်ရာ လော့ကျမ်းစာအုပ်မှာ မည်မျှ အံ့ဩဖို့ ကောင်းနေကြောင်း သိသာနိုင်သည်။ ထို့အပြင် မိုဝူကျီက လော့ကျမ်းစာအုပ်မှာ ကျင့်စဉ်များနှင့် သဘာဝ ဒြပ်ငါးမျိုး လျို့ဝှက်ပညာရပ်ကို ဆင့်ကဲပြောင်းလဲလာစေနိုင်ကြောင်း ရှာဖွေတွေ့ရှိသွား၏။ သဘာဝဒြပ်ငါးမျိုး၏ ကျင့်စဉ်ဖြစ်ဖြစ် ဒါမှမဟုတ် ထူးခြားသော သဘာဝဒြပ်အမျိုးအစား ဖြစ်သည့် ( လျှပ်စီး၊ လေ နှင့် ရေခဲ ) စသည့်အရာ ဖြစ်ဖြစ် လော့ကျမ်းစာအုပ်ကို ပိုင်ဆိုင်ခြင်းမှာ ကျားကို တောင်ပံတပ်ပေးလိုက်သလို ဖြစ်နေသည်။
မိုဝူကျီက မုရုန်ရှန်းယွီသည် သူမကျင့်စဉ်ကို အစားထိုးလိုမည်ဆိုလျှင် သူမ၏ လော့ကျမ်းစာရွက် ငါးရွက်က သေချာပေါက် ကူညီပေးနိုင်လိမ့်မည် ဖြစ်ကြောင်း သေချာသိနေသည်။ ထို့အပြင် သူမက သာမာန်ကျင့်စဉ်တစ်ခု မဟုတ်ဘဲ ထိပ်တန်းအဆင့် ကျင့်စဉ်တစ်ခုသာ ပြောင်းလဲကျင့်ကြံလိမ့်မည်။
မိုဝူကျီက သူ့ကို ပေးလိုက်သည့် စာရွက်နှစ်ရွက်အကြောင်း လုံးဝ မမေ့ပေ။
မိုဝူကျီက လော့ကျမ်းစာအုပ်၏ အံ့အားသင့်စရာ ကောင်းမှုကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ သူက တချို့တစ်ဝက်သာ ဖတ်ရှုရသေးသော်လည်း လေ သဘာဝ မဟာလျို့ဝှက်ပညာရပ်တစ်ခုကို နားလည်သဘောပေါက်သွား၏။ သူက အောင်အောင်မြင်မြင် မကျင့်ကြံရသေးသော်လည်း ယာယီပြဿနာမျှသာ ဖြစ်ပေသည်။ သူက စာရွက်တစ်ရွက်လုံးကို ဖတ်ရှုလိုက်လျှင် အကျိုးကျေးဇူး မည်မျှ ထူးလာမည်နည်း။
စာအုပ်တစ်အုပ်လုံး ရရှိလိုက်လျှင် ကောင်းကင်ဘုံကိုပင် သွေဖွယ်နိုင်လောက်လေပြီ။
ယခင် သူက လော့ကျမ်းစာရွက်မှာ ကံကြမ္မာ ကြာနီနှင့် ယှဉ်၍ မရကြောင်း တွေးတောဖူးသော်လည်း ယခုအခါ လုံးဝ မှားယွင်းနေကြောင်း သိရှိသွား၏။
ထို့အပြင် မိုဝူကျီက လော့ကျမ်းစာအုပ်မှာ တိုက်ခိုက်ရေး အမျိုးအစား ရတနာ ဖြစ်ကြောင်း ကြားဖူးသေး၏။ သူသာ မွမ်းမံသန့်စင်နိုင်လျှင် ပြိုင်ဖက်ကင်း တိုက်ခိုက်ရေး နည်းစနစ် ရလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။