အခန်း (၅၀၈) : ဂုဏ်ထူးဆောင် ဆေးလုံးဘုရင် အဆင့်
“ ဘာမှား .... ” နောက်ဆေးလုံးဆရာက သူ့စကားပင် မဆုံးသေးခင် မယုံကြည်နိုင်စွာ မတ်တပ်ထရပ်မိသွားသည်။ သူလည်း သူ့ရှေ့မှ ပိတ်ကားချပ်ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။
ပြသရေး ပိတ်ကားချပ်ပေါ်၌ ရွှေရောင်စာတန်း ပေါ်လာ၏ “ ချန်လောင် ဆေးလုံးဆရာ မိုဝူကျီကို ဆေးလုံးတာအိုဘုံရဲ့ အဆင့် ၄ ဆေးလုံးအကြီးအမှူးအဆင့် စစ်ဆေးမှု အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ ပြိုင်ဖက်ကင်းအဆင့် မဟာယီ စစ်မှန်ခြင်း ဆေးလုံး ၁၂ လုံးကို ဖော်စပ်နိင်ခဲ့တဲ့အတွက် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် အဆင့် ပေးအပ်နှင်းလိုက်ပါတယ် ”
“ ဂုဏ်ထူးဆောင် အဆင့် .... ဂုဏ်ထူးဆောင် အဆင့်တဲ့ တကယ်ကြီး ဂုဏ်ထူးဆောင်အဆင့်တဲ့ .... ”
သူတို့ကိုယ်သူတို့ မယုံကြည်နိုင်စွာ ရေရွတ်ပြီးနောက် နှစ်ယောက်လုံး အသိပြန်ကပ်လာကြသည်။ တစ်ချိန်တည်းတွင် သူတို့က မေးလိုက်ကြသည် “ မိုဝူကျီက ဘယ်သူလဲ ”
ပြသရေး ပိတ်ကားချပ်၌ တစ်ယောက်ယောက် ဆေးလုံးဘုရင်အဆင့် ဖြစ်လာသည့်အခါမှ ဂုဏ်ပြုအကြောင်းအရာ ပေါ်လာခြင်း ဖြစ်၏။ ထို့အပြင် ထိုဆေးလုံးဆရာက သူတို့ စူးခရာအင်မော်တယ်မြို့ဟောင်း အဖွဲ့ခွဲမှ ဖြစ်၍ ပြသခြင်း ဖြစ်၏။
“ ဒီနေ့ စစ်ဆေးမှုအတွက် ဝင်သွားတာ သုံးယောက်ပဲ ရှိတာပါ။ တစ်ယောက်က ကျရှုံးသွားလို့ ပြန်ထွက်လာပြီ။ အထဲမှာ နှစ်ယောက်ကျန်တာ တစ်ယောက်က ဝမ်ဟဲ
..... သူ့အဆင့်အတန်းက ကျုပ်နဲ့ အတူတူလောက်ပဲ။ သူက အဆင့် ၂ ဆေးလုံးအကြီးအမှူးလောက်ပဲ ရှိဦးမှာ ။ ပြီးတော့ .. ” သူ့ကိုယ်သူ ရေရွတ်နေသည့် ဆေးလုံးဆရာက ဦးဆုံးထရပ်လိုက်သည်။ စကားပင် ဆက်မပြောတော့ပေ။နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ခုခု နားလည်သွားကြဟန် ပေါ်သည်။ တစ်ချိန်တည်းတွင် နှစ်ယောက်လုံးက သူတို့ရှေ့မှ မှတ်တမ်းစာအုပ်ကို ဖွင့်လိုက်ကြသည်။ အချိန်ခဏအကြာတွင် သူတို့ခေါင်းများ ပြန်မော့လာကြပြီး တစ်ယောက်နှင့် တစ်ယောက် အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြသည်
“ နောက်ဆုံးဝင်သွားတဲ့ တစ်ယောက် ”