အခန်း (၅၉၁) : ထိပ်ဆုံး နေရာတွင် ဝင်ထိုင်သော ဧည့်သည်
ထိုအရာမှာ သူတို့အင်အားပြသသည့် သဘောမှန်း သိ၍ မိုဝူကျီက စိတ်ထဲ မထားပေ။ အင်မော်တယ်လောကဆီ မည်သို့ သွားနိုင်ကြောင်း မေးရန် အပြင် မိုဝူကျီ၏ နောက်ထပ် ရည်ရွယ်ချက်မှာ ရွိုက်ကောကို ဟိုင်ယီနယ်မြေဆီ ခေါ်လာသည့်သူကို ရှာရန် ဖြစ်၏။ ထိုလူကို ရှာတွေ့လျှင် သူ့အနေနှင့် ကျန်းရှင်းဆီ ပြန်နိုင်ရန် အခွင့်အရေး ရှိပေလိမ့်မည်။
“ တာအိုရောင်းရင်းမို ….. ကျုပ်တို့ပုံရိပ်ယောင်တောင်ဆီ လိုက်ပြီး စကားစမြည် ပြောဖို့ ဖိတ်ကြားချင်ပါတယ် ” ထန်အန်းရွမ်က အနည်းငယ် ဦးညွှတ်လိုက်ရင်း မိုဝူကျီကို လက်ဟန် ပြလိုက်သည်။
မိုဝူကျီက ပုံရိပ်ယောင်တောင်ထဲ ဝင်ရဲလားဟု စမ်းသပ်ကြည့်နေခြင်း ဖြစ်၏။ မိုဝူကျီသာ မဝင်ရဲလျှင် ချက်ချင်း တိုက်ခိုက်ကြမည် ဖြစ်ရာ မိုဝူကျီက ဝင်ရဲခဲ့လျှင် သူတို့က အချိန်ထပ်စောင့်ကာ မိုဝူကျီက တကယ်အားကောင်းနေတာလား သို့မဟုတ် စိတ်ကြီးဝင်နေခြင်းလားဟု သေချာလေ့လာကြည့်ရမည် ဖြစ်၏။
မိုဝူကျီက အရမ်းငယ်ရွယ်နေသည့်ပုံ ပေါ်နေသောကြောင့် ထိုသို့မျိုး လူငယ်တစ်ယောက်အနေဖြင့် ပုံရိပ်ယောင်တောင်မှ အဆင့်မြင့် ကျင့်ကြံသူများ ပူးပေါင်းတိုက်ခိုက်ခြင်းကို ရင်ဆိုင်နိုင်မည်ဆိုသည့် ကိစ္စအား ထန်အန်းရွမ်ကိုယ်တိုင်ပင် ယုံကြည်ရန် ခက်ခဲလှပေသည်။
မိုဝူကျီက ထန်အန်းရွမ် တွေးနေသည့်အရာများကို မသိသည့်အလား ခန်းမထဲ ဝင်သွားလိုက်သည်။
သူတို့က မိုဝူကျီ ဝင်သွားသည်ကို မြင်ကာ လွတ်မြောက် အင်မော်တယ်နှစ်ယောက်က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
မိုဝူကျီက ထိုမျှ စိတ်ကြီးဝင်နေတာလား ဒါမှမဟုတ် တကယ် အားကောင်းနေတာလား …..
ပုံရိပ်ယောင်တောင်၏ တိုက်ရိုက်မျိုးဆက် ပါရမီရှင်တစ်ယောက်ကို ဖျက်စီးလိုက်ပြီး ဟိုင်ယီနယ်မြေ၏ နံပါတ်တစ်ဂိုဏ်းဆီ အကြောက်အလန့်မရှိ ဝင်ရဲသည်မှာ မည်သို့လူ ဖြစ်မည်နည်း။