အခန်း (၅၁၈) : အင်မော်တယ် ဧကရာဇ်ဖြစ်ဖို့ရာ ခက်ခဲမှု
မိုဝူကျီက ခေါင်းညိတ်ကာ မေးလိုက်သည်
“ ကုန်းယီ ... ခင်ဗျား ကျိုးပျက်ကမ္ဘာအကြောင်း တစ်ခုခုများ သိထားလား ”
ကုန်းယီက မြန်မြန် ပြောလိုက်သည်
“ ကျုပ် သိပါတယ်။ ကျိုးပျက်ကမ္ဘာရဲ့ နှစ်လွှာက ဖွင့်ပြီးသွားပြီဆိုတော့ အချိန်မရွေး ဝင်လို့ ရတယ်။ လူတော်တော်များများ ဝင်လည်း ပထမနှစ်လွှာက လူများစွာ ဆက်ဝင်နေကြတုန်းပဲ။
သူတို့က ပထမနှစ်လွှာမှာ ရတနာအမျိုးမျိုး ရလာကြတယ်။ နေ့တိုင်း လူတွေ ဝင်လိုက်ထွက်လိုက်နဲ့ ရှုပ်ယှက်ခတ်နေကြတာပဲ။
အခု ကျိုးပျက်ကမ္ဘာရဲ့ တတိယအလွှာက နောက်နှစ်ဝက်အကြာကျ ဖွင့်တော့မှာလေ။ ပါရမီရှင် တော်တော်များများ ရောက်နေကြတဲ့ အကြောင်းအရင်းက တတိယအလွှာကို ဝင်ဖို့ စောင့်နေကြတာလေ ”
“ အဲဆို မဟာယီရှန်းအဆင့် ကျင့်ကြံသူက တတိယအလွှာကို ဝင်လို့ မရဘူးလား ” မိုဝူကျီက သိချင်စွာ မေးကြည့်လိုက်သည်။
ကုန်းယီက ပြန်ဖြေလိုက်သည်
“ ဖွင့်ဖွင့်ချင်းလောက်ပါပဲ။ တတိယအလွှာ ဖွင့်ပြီးတော့ တစ်နှစ်အကြာကျ မဟာယီရှန်းအဆင့် ကျင့်ကြံသူလည်း ဝင်နိုင်သွားလိမ့်မယ်။ နမူနာအနေနဲ့ဆိုရင် ကျိုးပျက်ကမ္ဘာရဲ့ပထမနဲ့ ဒုတိယအလွှာကို လူတိုင်း ဝင်နိင်သလိုပေါ့။
ဒါပေမဲ့လည်း တတိယအလွှာ ဖွင့်ပြီးတော့ ပထမ တစ်နှစ်အတွင်း ရွမ်ရှန်းအဆင့်နဲ့အောက်ပဲ ဝင်နိုင်တာ ”
မိုဝူကျီက နားလည်သွားလေသည်။ သူက ရွမ်ရှန်းအဆင့် မဟုတ်သေးသော်လည်း တတိယအလွှာကို ဝင်နိုင်လိမ့်မည်။ သူက ရွမ်ရှန်းအဆင့် ကျော်သွားသည်နှင့် ထိုသို့ မလုပ်နိုင်တော့ချေ။
“ တကယ်လို့ ကျုပ်က ကျိုးပျက်ကမ္ဘာ သွားချင်ရင် ဘာတွေ လိုအပ်လဲ ”
မိုဝူကျီက ကြယ်အဆင့် ပါရမီရှင်များစွာ သွားလိုသည့်အကြောင်း တွေးမိသည့်အခါ အထဲ၌ ရတနာများစွာ ရှိမည် ဖြစ်ကြောင်း စတင်ယုံကြည်လာသည်။