အခန်း (၅၁၇) : ကျုပ်ရဲ့ ကိုယ်ပိုင်ဆိုင်
“ဒီကျောက်တုံးလေးက အတော် လှတာပဲ ”
မိုဝူကျီက ပွင့်ချပ်သုံးလွှာ မီးတောက်နှလုံးသား ကျောက်တုံးကို ဟိုဟိုဒီဒီ ကစားရင်း ပြောလိုက်သည်။ ထို့နောက် သူက မီးတောက် နှလုံးသားကျောက်တုံးကို ကျောက်စိမ်းသေတ္တာထဲ ပြန်ထည့်လိုက်သော်လည်း အာကာပြင် စူးစိုက် ရတနာစံအိမ်မှ အမျိုးသမီးဆီ ပြန်မပေးပေ။
ချားခိုင်က ထိုအခြေအနေကို မြင်သည့်အခါ သူက ဤမီးတောက် နှလုံးသားကျောက်တုံးကို ရရန် ဆက်ကြံနေပါက မိုဝူကျီနှင့် ရန်သူ ဖြစ်သွားလိမ့်မည်မှန်း သိထားသည်။
မည်သို့ဖြစ်ဖြစ် မိုဝူကျီ ရောက်မလာလျှင်ပင် အောင်းထျန်းချန်က သူ့အား မီးတောက်နှလုံးသား ကျောက်တုံးကို အသာတကြည် ပေးမည် မဟုတ်ပေ။ မိုဝူကျီက ဤသို့ ပြောလာသောကြောင့် သူက တည့်တိုးသာ ပြောလိုက်တော့သည်
“ အကြီးအကဲမို ကြိုက်တယ်ဆိုရင် ကျုပ် မယူတော့ပါဘူး။ အကြီးအကဲမိုပဲ ယူလိုက်ပါ ”
ထိုသို့ပြောပြီး အောင်းထျန်းချန်ကို အဓိပ္ပါယ် ပါပါ ကြည့်ကာ ထူးထူးဆန်းဆန်း ပြောလိုက်သည်
“ အခု တာအိုရောင်းရင်းအောင်းက ဘယ်လိုများ ပေးလျော်မလဲဆိုတာ ကျုပ် တကယ် စိတ်ဝင်စားမိသား ..... တာအိုရောင်းရင်းအောင်းက ဒီမီးတောက် နှလုံးသားကျောက်တုံးအတွက် ဦးအောင် ပေးချေပေးလိမ့်မယ် ထင်တယ် ”
အောင်းထျန်းချန်က နှာခေါင်းရှုံ့ကာ လှည့်ထွက်သွား၏။
သူက မီးတောက်နှလုံးသား ကျောက်တုံးကို လက်လျော့ပေးနိုင်သော်လည်း မိုဝူကျီက ဤမီးတောက်နှလုံးသားကျောက်တုံးကို သူ့အင်မော်တယ် ကျောက်များဖြင့် ဝယ်ပေးဖို့ မျှော်လင့်နေသည်ဆိုလျှင်တော့ အိမ်မက်မက်နေသည်သာ ဖြစ်လိမ့်မည်။
မိုဝူကျီက မထူးမခြားနား ပြောလိုက်သည်
“ အောင်းထျန်းချန် .... ဒီကနေ လျော်ကြေး မပေးဘဲ ထွက်သွားမယ်ဆိုရင် ကျုပ်အနေနဲ့ လုပ်စရာ နှစ်ခုပဲ ရှိတယ် ။ ပထမတစ်ချက်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို ရွှေမြစ်နဂါးနဲ့ ပတ်သတ်သမျှ အကုန်အဆုံးသတ်လိုက်ဖို့ တောင်းဆိုလိုက်မယ်။