အခန်း (၅၆၅)
နှစ်ရက်အကြာတွင် လင်းဂူအနေဖြင့် မိုဝူကျီက အာကာပြင်ထဲမှ အက်ကြောင်းများကို အာရုံခံနိုင်ကြောင်း သေချာသွားလေ၏။ သူမက သူနှင့်အတူတူ စတေးဖို့ရာ ပြင်ဆင်ထားသော်လည်း အသက်ဆက်ရှင်နိုင်လျှင် ဘာကြောင့် မနေရမည်နည်း။
မိုဝူကျီ၏ အမြန်နှုန်းမှာလည်း တိုးမြင့်လာပြီး သူက လေလွတ်မြောက်ရေး နည်းစနစ်၌ အောင်မြင်မှုအသေးလေး ရရှိလာသောကြောင့် တတိယမြောက်နေ့ရက်တွင် သူက လင်းဂူကို ခေါ်ဆောင်၍ မီးခိုးရောင် ရေကန်အပေါ်၌ ရပ်လိုက်သည်။
အပေါ်ယံ မျက်နှာပြင်၌ လှိုင်းတွန့်လေးများ ရှိနေပြီး ရေဖြင့် ပြည့်နှက်နေသည့်အလား ပေါ်နေ၏။ သို့သော် မိုဝူကျီက ထိုအရာမှာ ရေမဟုတ်ကြောင်း သေချာသိနေသည်။ ထိုအငွေ့အသက်၌ သိပ်သည်းနေသော ယင်စွမ်းအားများ စိမ့်ဝင်နေပြီး သူ လက်ဖြင့် ထိကိုင်၍ မရပေ။
ထိုအရာမှ လွဲ၍ လက်ရှိ ရှိနေသော အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ မယုံနိုင်လောက်စရာ သိပ်သည်းနေပြီး ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာအဖွဲ့ခွဲရှိ အင်မော်တယ် လေ့ကျင့်ရေး ရေကန်ထက် ပိုမို သိပ်သည်းပေသည်။ သို့သော်လည်း ဤနေရာရှိ အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ သိပ်သည်းလွန်းသော ယင်စွမ်းအားများဖြင့် ပေါင်းစပ်နေပြီး ကျင့်ကြံသူများအတွက် ကျင့်ကြံရန် မသင့်တော်ပေ။
အင်မော်တယ် အဆီအနှစ် ရေကန်မှာ သိပ်သည်းလွန်းသော ယင်စွမ်းအားများဖြင့် ရောနှောနေသောကြောင့် ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်မှာ ကျင့်ကြံသူများအတွက် သူတို့ဝိညာဉ်ကို ပြန်လည် ရရှိစေနိုင်သည့် နေရာ ဖြစ်နေကြောင်း ယုံကြည်သည်။
“ လင်းဂူ .... ကျုပ်တို့တွေ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်မှာ မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် ကို မသုံးခင် ခန္ဓာကိုယ်ကို အရင်ထုတ်ထားသင့်လား ” မိုဝူကျီက မေးလိုက်သည်။
လင်းဂူက လေးလေးနက်နက် ပြန်ဖြေလိုက်၏
“ ဒီလိုနည်းနဲ့ လုပ်မိရင် အဆုံးသတ်သွားလိမ့်မယ်။ မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်က ဝိညာဉ်အပိုင်းအစတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ။ ကျင့်ကြံသူအများစုက ပြန်လည် မဝင်စားလာခင် ကိုယ်ပိုင် မှတ်ဉာဏ်တွေကို သိမ်းဆည်းထားကြတယ်။