အခန်း (၆၅၆) : ဝင်ပူးကပ်ခြင်း
မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းများ ထွက်နေသော မြေကွက်လပ် ဟင်းလင်းပြင်တစ်ခုက နတ်ဘုရားမျှောစင်ရှေ့ မျှောလွှင့်နေပြီး ထိုရွှေရောင် ဟင်းလင်းပြင်၌ လူထောင်ချီ၍ ရှိနေသည်။
ထိုလူများမှာ နတ်ဘုရားမျှော်စင်မှ ထွက်လာသော ကျင့်ကြံသူများ မဟုတ်ဘဲ နတ်ဘုရားမျှော်စင်ထဲ ဝင်သွားသူကို စောင့်ကြိုနေကြသည့် လူများ ဖြစ်ပေ၏။ နတ်ဘုရားမျှော်စင် ပိတ်သွားပြီးနောက် နတ်ဘုရားမျှော်စင်အတွင်းရှိ ကျင့်ကြံသူအားလုံးမှာ နဂိုနေရာသို့ ပြန်မရောက်သွားခင် ဤမျှောလွင့်နေသော ရွှေရောင် ဟင်းလင်းပြင်ဆီ ရောက်လာကြမည် ဖြစ်သည်။
ဤရွှေရောင် ဟင်းလင်ပြင်မှာ အချိန်ခဏလေးသာ ပေါ်လာခြင်း ဖြစ်ပြီး နှစ်နာရီအတွင်း ပြန်ပျောက်ကွယ်သွားပေလိမ့်မည်။
သို့သော်လည်း နတ်ဘုရားမျှော်စင်မှ အပြင်ဘက်သို့ ပို့ဆောင်ခံလိုက်ရသော ကျင့်ကြံသူများမှာ ဤနေရာ၌ ပေါ်လာကြ၏။
မဟာခွန်ဗုဒ္ဓ ဂိုဏ်းမှ အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်သော ဟန်ခယ်နှင့် ကွမ်းနဉ်တို့မှာလည်း စိတ်မရှည်တော့ဘဲ ထိုနေရာသို့ သွားလုနီးပါး ဖြစ်နေကြ၏။ သူတို့အပြင် လျှပ်စီးဂိုဏ်းမှ လိန်ကူယွင်နှင့် မဟာဓားလမ်းစဉ်ဂိုဏ်းတို့မှ ယီမင်ရှုတို့ကလည်း ရွှေရောင်ဟင်းလင်းပြင်နှင့် အနီးဆုံးနေရာတွင် ရပ်နေကြသည်။ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းမှ မဟာဧကရာဇ် ဖြစ်သည့် ကျင်းယွီရှန်းပင် ရောက်ရှိနေလေ၏။
သူတို့နှင့် အဝေးတစ်နေရာ၌ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင် ရှောင်လီရှီက အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ယောက်နှင့်အတူ ရပ်နေလေ၏။
လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ် ကိုင်အောင်း၊ နတ်ဘုရားအင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ် အူးဂူနှင့် ကောင်းကင်ချောက်ကမ်းပါးမြို့စား ကူကျူးတို့က အထက်ဘုံ တမန်တော်အား အဖော်ပြုကာ နတ်ဘုရားကောင်းကင်ချောက်နက် အဝင်ဝ၌ ရပ်နေကြသည်။