အခန်း (၅၆၈)
အာကာပြင်ရှိ အက်ကြောင်းထဲ ရောက်ရှိသွားသည်နှင့် မြေအောက်ကမ္ဘာ၏ အငွေ့အသက်မှာ လုံးဝ ပျောက်ကွယ်သွားသော်လည်း သူ့ကို တစစီ စုတ်ဖြဲနေသည့်အလား ပိုမို ကြမ်းတမ်းသည့် အငွေ့အသက်များက ရောက်ရှိလာသည်။ မိုဝူကျီ၏ စိတ်စွမ်းအားနှင့် အင်မော်တယ် သဘာဝ စွမ်းအားများကို ဖြန့်ကျက်ထားပြီး သူ့ခန္ဓာကိုယ်မှာ ကျောက်ရည်ပူများမှ ဆွဲထုတ်ခံလိုက်ရသည့်နှယ် သွေးများ စိုရွဲပြီး ဒဏ်ရာအပြည့် ဖြစ်နေကာ စုတ်ပြတ်နေလေပြီ။
ထိုစဉ် သူက သူ့အသိစိတ်ပင်လယ်အတွင်း ကြည့်ရှုဖို့ စွမ်းရည်ပင် ပျောက်ဆုံးသွားကာ ကုသဆေးလုံးများလည်း မထုတ်ယူနိုင်တော့ပေ။ သူ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ လော့ကျမ်းစာရွက်အတွင်း မလှုပ်မရှား ပုန်းကွယ်နေရုံ ဖြစ်၏။
သူ့ဘေးတွင် အမြဲတမ်း ချိန်စုယင်၏ ရုပ်ခန္ဓာကိုယ် ရှိခဲ့လေသည်။
သူက ဟုန်မုန့်စွမ်းအင်ဖြင့် ပြန်လည် အားဖြည့်စေရုံသာမက သူ့အသက်ဓာတ်လမ်းကြောင်းမှ အသက်ဓာတ်ဖြင့် သူမကို နှိုးဆွပေးခဲ့သည်။ မကြာသေးခင် သူမ ဝိညာဉ်က မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်များစွာကို စုပ်ယူခဲ့သောကြောင့် ထိတွေ့လိုက်သည်နှင့် ရုပ်ခန္ဓာနှင့်ဝိညာဉ် အပြည့်အဝ ပေါင်းစပ်သွားနိုင်ခြင်း ဖြစ်၏။
အဆင့် ၉ အင်မော်တယ် ဆေးပင်နှင့် ဟုန်မုန့်စွမ်းအင်က မည်သို့မျိုး အရာဖြစ်သနည်း။
...............
ချိန်စုယင်က ကျင့်ကြံဆင့်နိမ့်သည့် ကျင့်ကြံသူ တစ်ယောက်အစား အင်မော်တယ် အစစ်အမှန် တစ်ယောက် ဖြစ်နေလျှင်ပင် မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်က သူမ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို အလွယ်လေး ပြန်ပေါင်းစပ်စေနိုင်မည် ဖြစ်၏။ နှစ်နာရီအကြာတွင် ချိန်စုယင်က မျက်လုံးဖွင့်ကာ ထိုင်လိုက်သည်။ သူမခန္ဓာကိုယ်ရှိ ဝိညာဉ်လမ်းကြောင်းများ အပြောင်းအလဲကို သိသိသာသာ ခံစားမိနေသည်။ ဝိညာဉ်လမ်းကြောင်းတိုင်းက ဝိညာဉ်စွမ်းအားများဖြင့် လောင်မြိုက်နေလေ၏။