အခန်း (၅၆၀)
လင်းဂူ၏ မိခင်က မိုဝူကျီ၏ လောကဝတတ် မကျေပြွန်မှုကို စိတ်ထဲ မထားသလို မိုဝူကျီ ငယ်ရွယ်လွန်းသည့်အချက်ကိုလည်း စိတ်ထဲ မထားပေ။ သူမက ပြုံးလိုက်ရင်း ပြောလိုက်သည်
“ ဒီခရီးအဝေးကြီးကို လင်းဂူနဲ့ အတူတူ လိုက်လာရတဲ့ အတွက် ဒုက္ခများသွားပါပြီကွယ် ... ”
မိုဝူကျီက အသိပြန်ကပ်လာပြီး မြန်မြန် လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်
“ စီနီယာက အားနာလွန်းနေပါပြီ။ လင်းဂူက ကျုပ်ကို အများကြီး ကူညီပေးခဲ့တာပါ။ ကျုပ် စွမ်းဆောင်ရည်က နိမ့်နေလို့ စီနီယာကို မကုပေးနိုင်မှာကိုပဲ စိုးရိမ်မိတာပါ ”
လင်းဂူ၏ မိခင်က နူးနူးညံ့ညံ့ ရယ်မောလိုက်ရင်း
“ ရပါတယ်ကွယ် ... အင်မော်တယ် ဧကရာဇ်တောင် သေခြင်း၊ ရှင်ခြင်းကို ထိန်းချုပ်နိုင်တာမှ မဟုတ်တာ ... ဒေါ်ဒေါ်လိုမျိုး အင်မော်တယ် ဧကရာဇ်အဆင့်နဲ့ အလှမ်းကွာနေတဲ့သူဆိုရင်တော့ မပြောနေပါနဲ့တော့ ...”
မိုဝူကျီက ခေါင်းညိတ်ပြပြီးနောက် လင်းဂူကို ပြောလိုက်သည် “ လင်းဂူ အပြင်ထွက်ပေးပါ့လား ... စီနီယာရဲ့ ဖျားနာမှုကို တစ်ယောက်တည်း အရင်စမ်းသပ်ကြည့်ချင်တယ် ”
လင်းဂူက မတ်တပ်ရပ်လိုက်သည်။ သူမ မျက်လုံးများမှာ အနည်းငယ် နီရဲနေသော်လည်း အောင်းစုန့်က မျက်မှောင်ကျုတ်ကာ အသံနိမ့်၍ ချက်ချင်း ပြောလိုက်သည်
“ ဒီအင်မော်တယ် သမားတော်ကို လင်းဂူနဲ့ ကျမက မယုံလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမတို့က ဘာလို့ ထွက်သွားပေးဖို့ လိုတာလဲ။ ကျမဆရာကို အမေရင်းလိုမျိုး သဘောထားတာပါ။ လင်းဂူနဲ့ ကျမ ဒီမှာ နေနေရင်လည်း ရှင့်အပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး ”
အောင်းစုန့်က ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း မိုဝူကျီက သူမစကားကြားမှ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း သိ၏။ သူမနှင့် လင်းဂူတို့က မထွက်သွားလိုကြောင်း၊ သူမက အမျိုးသားတစ်ယောက်နှင့် လင်းဂူ၏ မိခင် နှစ်ယောက်တည်း ထားခဲ့ရသည်ကို သက်တောင့်သက်သာ မဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။