အခန်း (၅၁၁) : မင်းက ထိပ်သီးတာအိုဂိုဏ်းနဲ့ မသင့်တော်ဘူး
“ ကြားတာတော့ ယုံရင်အင်မော်တယ်နယ်မြေရဲ့ ကောင်းကင် ဧကရာဇ်က ယူသွားတာတဲ့။ နတ်ဆိုး စန္ဒာအင်မော်တယ်ကျောင်းတော်ရဲ့ ဂူက ဒဏ်ရာ,အပြင်းအထန်နဲ့ ထွက်ပြေးသွားရတယ်။ ကောလဟာလတွေထဲမှာတော့ ဂူထွက်မပြေးခင် ယုံရင်အင်မော်တယ်နယ်မြေ ကောင်းကင် ဧကရာဇ်ရဲ့ ကိုယ်လုပ်တော် တစ်ယောက်ကို ဖမ်းသွားနိုင်လိုက်တယ်တဲ့ ”
တုံ့ဟွားလုံက သူ့အလုပ်ကို တာဝန်ကျေအောင် လုပ်ပေသည်။ လမ်းပေါ်မှ ကြားရသည့် ကောလဟာလတွေပါ ထည့်ပြောပြလေ့ ရှိ၏။
မိုဝူကျီက ဆက်မေးတော့မည့်ဆဲဆဲတွင် မိုဝူကျီတို့ ရှိရာနှင့် မျက်နှာချင်းဆိုင်လမ်းဘက်၌ လူအုပ်လိုက်ကြီး ရောက်ရှိလာသည်။ ရောက်ရှိလာသည့် ရှစ်ယောက်လောက်ထဲမှ နှစ်ယောက်ကိုသာ မိုဝူကျီ မှတ်မိလေသည်။ တစ်ယောက်မှာ ယန်းယဲ့၏ နာမည်ခံ ဇနီးဖြစ်သည့် မုရုန်ရှန်းယွီ ဖြစ်နေပြီး နောက်တစ်ယောက်မှာ မုရုန်ရှန်းယွီနောက်မှ အနီးကပ် လိုက်ပါလာတတ်သည့် ချောင်းချန်ယန် ဖြစ်၏။
လက်ရှိ၌ ချောင်းချန်ယန်မှာ နောက်တွင် ရှိနေပြီး မုရုန်ရှန်းယွီက အဆင့်မြင့်ဟန်ပေါက်သည့် ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးနှင့် အတူတူ ရှေ့မှ လျှောက်လှမ်းလာသည်။ ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးတွင် ပြတ်သားသည့် သွင်ပြင်ရှိလေ၏။ အားလုံးက ထိုသူမှာ လျှပ်စီးဝိညာဉ်ကြောပိုင်ရှင်မှန်း ပြောနိင်ကြပေသည်။ အကြောင်းမှာ သူ့တစ်ကိုယ်လုံးကို သိပ်သည်းသော လျှပ်စီးဓာတ်များ လွှမ်းခြုံထား၍ ဖြစ်သည်။ ထိုစဉ် ထိုသူမှာ မုရုန်ရှန်းယွီနှင့် စကားပြောရင်း ပြုံးရယ်မောနေသည်။
ထိုအပြုံးများမှာ ယခင် ချောင်းချန်ယန်တစ်ယောက် မုရုန်ရှန်းယွီနှင့် စကားပြောနေစဉ် ဖြစ်ပေါ်လာတတ်သည့် အပြုံးမျိုး ဖြစ်ပေသည်။
“ အစ်ကိုကြီး ..... ရှေ့က ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်က ဂူကျိကျန်းတဲ့ .. သူက မဟာဗောဓိအင်မော်တယ်နယ်မြေ လျှပ်စီးဂိုဏ်းရဲ့ ကြယ်ရှစ်လုံး ပါရမီရှင်လေ။ တကယ်လို့ သူက ကျိုးပျက်ကမ္ဘာကို မသွားဘူးဆိုရင် မဟာယီရှန်းအဆင့် ရောက်နေလောက်ပြီ ။ ဒီပါရမီရှင်တွေက ကျုပ်တို့ဆီ လာနေတယ် ... ကျုပ်တို့တွေ ...”